
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်မှာ ဇန်နဝါရီ ၁၀ ရက် ဒီကနေ့ မနက်က စစ်ကောင်စီ တိုက်လေယာဉ် ပျံဝဲလာတာကြောင့် ကလေးငယ်တွေအပါအဝင် ဒေသခံတွေ ဗုံးကြဲခံရမှာ ကြောက်လန့်ပြီး ပုန်းအောင်းနေကြရပါတယ်။
ဖယ်ခုံမြို့နယ်၊ လအိဒေသမှာရှိတဲ့ စစ်ဘေးရှောင်တွေနေထိုင်ရာနေရာအနီး ဒီမနက် ၈ နာရီ ၄၀ လောက်ကနေ ၉ နာရီ မိနစ် ၂၀ လောက်အထိ တိုက်လေယာဉ်တွေ အနီးကပ်ပျံဝဲခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။
“ကြောက်လို့ ပုန်းနေကြတာပါ။ လေယာဥ်က အသံအကြီးအကျယ်ကြီးနဲ့မို့ နိမ့်ဆင်းလိုက် ပြန်တက်လိုက် နာရီဝက်ကြာလုပ်နေတာ။ ပစ်ခတ်တာ မရှိဘူး။ လာခြိမ်းခြောက်တာမျိုးလားတော့မသိဘူး။”
လေယာဉ်တွေရောက်လာလို့ ဘုရားကျောင်းတခုမှာ ဘုရားစာစုသင်နေတဲ့ကလေးငယ်တွေက ကျောင်းအောက်ကို ပြေးပြီး ပုန်းအောင်ခဲ့ရကြောင်းလည်း အဲဒီနေရာမှာ ရှိနေတဲ့ ဒေသခံက ပြောပါတယ်။
ဒီနေ့မနက် ၉ နာရီဝန်းကျင်က နေပြည်တော်ကနေ စစ်ကောင်စီ တိုက်လေယာဉ် ၄ စီး ထွက်ခွာသွားတယ်လို့ ဒေသခံ မျက်မြင်တွေ့သူထံက သိရပါတယ်။
စစ်ကောင်စီအနေနဲ့ တိုက်လေယာဉ် အနီးကပ်ပျံသန်းမှုကို မကြာခဏလုပ်လေ့ရှိတယ်လို့ ဒီးမော့ဆိုမြို့နယ်က ပြည်သူတွေလည်း ပြောဆိုပါတယ်။
မနေ့ ဇန်နဝါရီလ ၉ ရက်နေ့ကလည်း တိုက်လေယာဉ်တစင်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြိုနယ်မှာ ဝဲပျံပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။