DVB Logo
Home
မြန်မာသတင်း
ရန်ကုန်အခြေစိုက် YELL BAW ထောက်ပို့အဖွဲ့ လုပ်ငန်းပြန်လုပ်တော့မည်ဟု ကြေညာ
DVB
·
January 10, 2023
ရန်ကုန်အခြေစိုက် YELL BAW ထောက်ပို့အဖွဲ့ လုပ်ငန်းပြန်လုပ်တော့မည်ဟု ကြေညာ
Donate to DVB

ရန်ကုန်မြို့အခြေစိုက် တော်လှန်ရေး ထောက်ပို့အဖွဲ့တခုဖြစ်တဲ့ YELL BAW - ရဲဘော် ထောက်ပို့အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ၁ ဦး ဖမ်းဆီးခံရပြီးနောက် ယာယီရပ်နားထားခဲ့တဲ့ ထောက်ပို့လုပ်ငန်းစဉ်တွေကို ပြန်လည်လုပ်ဆောင်တော့မယ်လို့ YELL BAW - ရဲဘော် ထောက်ပို့အဖွဲ့ကနေ သိရပါတယ်။

YELL BAW - ‌ရဲဘော် ထောက်ပို့အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ရဲဘော်လောင်မြိုက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမပတ်မှာ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံလိုက်ရတာကြောင့် YELL BAW - ရဲဘော် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို စိတ်ချရအောင်နဲ့ တခြား ကျန်ရှိနေတဲ့ Admin တွေရဲ့ လုံခြုံရေးအတွက် ခဏရပ်နားထားခဲ့တာလို့ သိရပါတယ်။

ရဲဘော် ထောက်ပို့အဖွဲ့မှ တာဝန်ရှိသူတဦးက “ကျနော်တို့ ထောက်ပို့အဖွဲ့ကို ရပ်နားလိုက်ရင် တော်လှန်ရေးအတွက် ထောက်ပို့အင်အား လျော့နည်းသွားစေမှာ စိုးရိမ်လို့ပါ။ ဒီ ၂၀၂၃ ဆိုတာ အဆုံးအဖြတ်နှစ်မို့ တတ်နိုင်တဲ့အားနဲ့ ရုန်းကြဖို့ဆိုတာ ကျနော်တို့မှမဟုတ်ပါဘူး၊ တဦးတယောက်ချင်းစီမှာ တာဝန်ရှိပါတယ်။ ဒီနေရာမှာ တာဝန်ဆိုတာကို ဖြည့်ပြီးပြောချင်တာက ‘ဟင်! မင်းတို့ကို ဘယ်သူက တာဝန်ပေးလို့လဲ’ မေးလာရင် ခေတ်ကြီးက ကျနော်တို့ပခုံးပေါ် မလိုချင်လည်း လာတင်ပေးလိုက်ပါပြီ။ ထမ်းကိုထမ်းရမယ့် အခြေအနေမို့ မြန်မာနိုင်ငံသားတိုင်း တယောက်ချင်းစီနဲ့ ဆိုင်တယ်လို့ ပြောတာပါ။ ဒါကြောင့် ကျနော်တို့က ခြောက်လည်း မကြောက်ပါဘူး။ တယောက်ကျရင်‌ နောက်ထပ်တယောက် ထပ်တက်နေဦးမှာပဲ။ နိုင်ရာတာဝန် ကျရာတာဝန်ကို ထမ်းဆောင်ရင်း ဒီတော်လှန်ရေး ဒီအဆုံးဖြတ်နှစ်မှာ ရဲဘော်က Donor တွေနဲ့အတူ ဆက်လက်ပါဝင်နေဦးမှာမို့ စိတ်ချယုံကြည်စွာနဲ့ YELL BAW - ရဲဘော်ဖေ့စ်ဘွတ်ခ်ပေ့ခ်ျကို ပြန်ဆက်သွယ် ထောက်ပို့လို့ရပြီဆိုတာ အသိပေးချင်ပါတယ်” လို့ ဒီဗွီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ YELL BAW ထောက်ပို့အဖွဲ့မှ ဒါရိုက်တာအမှုဆောင် ရဲဘော်လောင်မြိုက်နဲ့ ပတ်သက်ပြီး “ကျနော် ကိုလောင်မြိုက်ကိုယုံတယ်။ သူက တော်တယ်ဗျ။ ဒါကြောင့် သူအဆင်ပြေအောင် နေနိုင်မယ်လို့ ကျနော်ယုံကြည်တယ်။ ဆုတောင်းပေးတာမျိုးတော့ ကျနော်မလုပ်တတ်ဘူး။ ကျနော်တို့နိုင်ရင် မတရား ဖမ်းဆီးခံထားရတဲ့လူမှန်သမျှ အကုန်ပြန်လွတ်မှာပဲ။ သူတို့ဟာ သူတို့ ကြိုက်တဲ့ပုဒ်မတပ်ပြီး ဘယ်နှနှစ်ချချပေါ့။ ဟုတ်တယ်မလား၊ ဖမ်းချင်လို့ဖမ်းထားတာ ဆုတောင်းလည်း ထူးပြီးဖြစ်လာစရာမှ မရှိတာ။ ဒီ‌တော်လှန်ရေးမှာ Mother Teresa ရဲ့စကား ငှားသုံးရရင် ဆုတောင်းပေးတဲ့ ပါးစပ်တွေထက် အကူအညီပေးတဲ့ လက်တွေပဲ ပိုလိုချင်တယ်ခင်ဗျ” လို့ ပြောပါတယ်။

YELL BAW - ရဲဘော် ထောက်ပို့အဖွဲ့ကို ၂၀၂၁ ခုနှစ် စက်တင်ဘာက လက်နက်ဆွဲကိုင် တော်လှန်ဖို့ လိုအပ်လာတဲ့အတွက် လက်နက်ခဲယမ်းတွေဝယ်ဖို့ Fund ရှာရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကျပ် ၅,၄၁၀,၀၀၀ ထောက်ပံ့ထားနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013