
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ပင်လယ်ဒေသတွေမှာ ဂျင်းဖောင်လုပ်ငန်းက အကျိုးအမြတ်တွေ ရရှိနေကြတာကြောင့် ဂျင်းဖောင်လုပ်ငန်း လုပ်ကိုင်သူ အရင်ကထက် ပိုများလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါဒေသတွေမှာ ထွက်ရှိတဲ့ ဂျင်းခရုတွေကို ထိုင်းနိုင်ငံက ဈေးကောင်းပေးပြီး အဓိကဝယ်ယူနေသလို ငွေကြေးရင်းနှီးမှုနည်းပြီး လုပ်ငန်းကနေ အမြတ်များစွာ ရနိုင်တာကြောင့် ဂျင်းဖောင်လုပ်ငန်း လုပ်ကိုင်သူ ပိုများပြားလာတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
“ဂျင်းဖောင်လုပ်ငန်းတွေကို ခုဆိုရင် တော်တော်များများ လုပ်ငန်းရှင်တွေ လုပ်နေကြတာ။ ဂျင်းကန်ပိုင်ရှင်တွေက သိန်း ၁ဝဝ လောက်ရင်းရင် သိန်း ၁,၀၀၀ ဆိုလည်း ဖြစ်တယ်၊ ၂,၀၀၀ ဆိုလည်း ဖြစ်တယ်။ ဂျင်းအောင်ရင်တော့ အဆင်ပြေတာပေါ့။ ဂျင်းမအောင်ရင်တော့ ရင်းထားတာ အရှုံးပေါ်ပေါ့။ အခြေခံလူတန်းစားတွေအတွက်က ဂျင်းခရုကောက်တာမှာ ငွေကြေးရနေတော့ စားဝတ်နေရေး အဆင်ပြေစေတာပေါ့လေ” လို့ ဒေသခံ ဂျင်းခရုရောင်းဝယ်သူတဦးက ပြောပါတယ်။
ဂျင်းခရုတွေကို ထိုင်းနိုင်ငံဘက် အဓိက တင်ပို့ရောင်းချနေရပြီး နှစ်သစ်ကူးနေ့မတိုင်ခင် ဂျင်းခရုတွေကို ဈေးပိုပေးကာ အများဆုံး လာရောက်ဝယ်ယူနေကြတယ်လို့ ဂျင်းခရုရောင်းဝယ်သူတဦးက ဆိုပါတယ်။
“ပွဲတော်တို့ ဘာတို့ရှိရင် သူတို့နိုင်ငံက ဈေးကောင်းပေးပြီး ဝယ်ကြတာ။ ဂျင်းခရုတွေကို ကော့သောင်းဘက်ကို သွားပို့ရတယ်။ ကော့သောင်းဘက်ကနေ ထိုင်းဘက်ကို တင်ပို့တာ။ သူတို့ကတော့ လာမယူဘူး။ ဂျင်းခရု သားပေါက်ရာသီရောက်မှပဲ သူတို့က လှေတွေနဲ့ သားပေါက်တွေလာဝယ်တာ။ ဂျင်းခရုအလုံးကြီးကိုတော့ သွားပို့ရတယ်။”
အဆိုပါဂျင်းခရုတွေကို အရွယ်အစားအလိုက် ဈေးနှုန်းသတ်မှတ်ကြပြီး ဂျင်းခရု အကြီးစား တကီလိုကို ကျပ် ၆,ဝဝဝ ကျော်ရရှိကာ အငယ်စား တကီလိုကို ကျပ် ၄,၀ဝဝ ကျော် ရရှိနေတယ်လို့ သိရပါတယ်။
အခုလို ဂျင်းဖောင်လုပ်ငန်းလုပ်ကိုင်သူ များလာတာကြောင့် ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ဒေသမှ အခြေခံလူတန်းစားတွေ စားဝတ်နေရေးအတွက် တဖက်တလမ်းက အထောက်အကူ ရရှိပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရရှိတယ်လို့ သိရပါတယ်။