DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ကောင်စစ်ဝန်ရုံး ပိတ်ထားသဖြင့် ပတ်စ်ပို့ သက်တမ်းတိုးမည့် မြန်မာများ အခက်ကြုံ
DVB
·
January 10, 2023
ချင်းမိုင်ကောင်စစ်ဝန်ရုံး ပိတ်ထားသဖြင့် ပတ်စ်ပို့ သက်တမ်းတိုးမည့် မြန်မာများ အခက်ကြုံ
Donate to DVB

စစ်ကောင်စီ လက်အောက်ခံ ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်က စတင်ပြီး နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းတိုး ကိစ္စတွေကို ခေတ္တရပ်နားကြောင်း ကြေညာထားတာကြောင့်သက်တမ်းတိုးမယ့် မြန်မာတွေ အခက်အခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။

ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးကတော့ ပတ်စ်ပို့ သက်တမ်းတိုး ကိစ္စတွေ ပြန်လည် လုပ်ဆောင် ပေးမယ့်နေ့ကို ထပ်မံ အသိပေးသွားမယ်လို့ ကြေညာထားပါတယ်။

ရက်ချိန်း ရထားပြီးသားသူတွေကို အချိန်မီ ဆောင်ရွက်ပေးနိုင်ဖို့ ရက်ချိန်းအတိုင်း မပျက်မကွက် လာရောက်ကြဖို့လည်း ထုတ်ပြန်ထားပေမယ့် မြန်မာတွေကတော့ စိုးရိမ်နေပါတယ်။  

ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦးက "အခုက ပတ်စ်ပို့ကိစ္စနဲ့ လူတွေ စိတ်တအားညစ်နေကြတာ။ ပတ်စ်ပို့ မရှိရင် ဘာမှလုပ်လို့ မရဘူး။ ပတ်စ်ပို့ သက်တမ်းကုန်သွားပြီဆို တခြားကိစ္စတွေ၊ ယာဉ်မောင်းလိုင်စင်၊ ကျောင်းကိစ္စ၊ ဗီဇာကိစ္စ အရမ်းခက်ခဲတာ။ နယ်ကျော်ပြီးသွားလို့ မရတာတွေ၊ ရဲပလိပ်တွေ အစစ်ဆေးခံရတာတွေ၊ အဖမ်းဆီးခံရတာတွေ၊ ငွေညှစ်ခံရတာတွေ အများကြီး ဖြစ်တာပေါ့" လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်၊ မဲဆောက်၊ မဲဟောင်ဆောင် စတဲ့ နေရာအနှံ့မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းတောင်ပိုင်းက မြန်မာရွှေ့ပြောင်း အလုပ်သမား တချို့ဟာ ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးတဲ့ ကိစ္စတွေ လာရောက် လုပ်ဆောင့်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ပတ်စ်ပို့ သက်တမ်း တိုးလိုတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထောင်နဲ့ချီကာ များခဲ့တာကြောင့် တန်းစီနေသူတချို့ လူစုလူဝေးအတွင်း မူးမေ့လဲသူတွေလည်း ရှိခဲ့ပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက "ဘန်ကောက်မှာလည်း စာရွက်စာတမ်း တိုးတဲ့သူတွေ ကြိတ်ကြိတ်တိုးနေတယ်။ တချို့ဆို မူးမေ့ လဲကျကြတယ်။ နေပူကျဲတဲထဲမှာ လူထောင်ပေါင်းများစွာ ရှိနေတဲ့အခါ မြန်မာသံရုံးရှိတဲ့ လမ်းတခြမ်း ပိတ်ထားရတယ်။ ဒါတွေက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေက ဒီမြင်ကွင်း ဒီဖြစ်ရပ်တွေကို သူ မသိ၊ သူ မမြင်ဘူးလား။ ထိုင်းရောက် မြန်မာတွေ အကုန်လုံးက အချိန်ကုန်၊ ငွေကုန်၊ စိတ်ကုန်ပြီး လူပန်းတဲ့ အနေအထား ရှိပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ပတ်စ်ပို့ စာအုပ်သက်တမ်း မတိုးပေးနိုင်တဲ့အတွက် ထိုင်းက အလုပ်သမားတွေကို ဗီဇာ၊ Work permit သက်တမ်း တိုးပေးဖို့ ကြေကြေလည်လည် ညှိနှိုင်းပေးဖို့ လိုအပ်ပြီး ထိုင်းဘက်က သက်ညှာပေးမှသာ ထိုင်းရောက် မြန်မာတွေ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ ထိုင်းရောက် မြန်မာ ပတ်စ်ပို့ အကျိုးဆောင်တွေက ပြောပါတယ်။

ပတ်စ်ပို့ အကျိုးဆောင်တစ်ဦးက "လက်ရှိ အခက်အခဲက ဘာလဲဆိုတော့ ထိုင်းအစိုးရက ၁၃-၂-၂၀၂၃ မတိုင်ခင်မှာ မြန်မာဘက် သက်တမ်းရှိတဲ့သူကိုပဲ ပေးထွက်မယ်လို့ ကြေညာထားတာလေ။ အဲ့တော့ ၁၃-၂-၂၀၂၃ အထိ သက်တမ်း မရှိတဲ့ စာအုပ်တွေကို အမီ လဲရတာပေါ့။ အခု ရုံးတွေ ပိတ်သွားတော့ အဲဒါတွေ ကိုးလို့ကန့်လန့် ကျတာပေါ့။ ဟိုမရောက် ဒီမရောက်တွေ ဖြစ်ကုန်တာ။ နောက်နှစ်အတွက်ကို ဗီဇာလည်း သက်တမ်းတိုးလို့ မရတော့ဘူး။ Work permit လည်း တိုးမရတော့ဘူး။ အဲ့လို ဖြစ်ကုန်တာ။ တကယ်တမ်းသာ အချိန်မီ သက်တမ်းမတိုးနိုင်ရင် အကုန်လုံးက နောက်တနှစ်အတွက် work permit ကော ဗီဇာရော သက်တမ်း မတိုးနိုင်တော့ဘူး။ အချိန်ကလည်း ကြားထဲမှာ တလကျော်ပဲ ကျန်တော့တာ"လို့ ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံတဝန်း ရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွေကိုလည်း ပိတ်ထားချိန်မှာ ချင်းမိုင်မြို့က ကောင်စစ်ဝန်ရုံးကလည်း ပတ်စ်ပို့ သက်တမ်းတိုးတာကို ရပ်လိုက်တာပါ။ ထိုင်းနိုင်ငံမှာ မြန်မာတွေ အလည်အပတ် ပညာရေး အလုပ်အကိုင် စတဲ့ ဗီဇာတွေနဲ့ နေထိုင်ကြပါတယ်။ 

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားပေါင်း ၄ သန်း ဝန်းကျင် ရှိတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်တဲ့အဖွဲ့တွေဆီက သိရပါတယ်။

၂၀၂၁ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်တာ၊ အလုပ်အကိုင် ရှားပါးတာနဲ့ စစ်တပ်ရဲ့ မတရားဖမ်းဆီး ထောင်ချမှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ သိန်းနဲ့ချီကာ ရွှေ့ပြောင်း နေထိုင်လာကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013