DVB Logo
Home
မြန်မာသတင်း
ပွင့်ဖြူတွင် လွှတ်တော်အမတ် ၂ ဦး အပါအဝင် ၁၀ ဦးကို စစ်တပ်က ဖမ်းဆီး၊ စစ်ကြောရေးတွင် ၁ ဦး သေဆုံး
DVB
·
January 9, 2023
ပွင့်ဖြူတွင် လွှတ်တော်အမတ် ၂ ဦး အပါအဝင် ၁၀ ဦးကို စစ်တပ်က ဖမ်းဆီး၊ စစ်ကြောရေးတွင် ၁ ဦး သေဆုံး
Donate to DVB

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ဇန်နဝါရီ ၈ ရက် မနက်က အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၂ ယောက်နဲ့ မိသားစုဝင်တွေ အပါအဝင် ပြည်သူ ၁၀ ယောက်လောက်ကို စစ်ကောင်စီတပ်က  ဖမ်းဆီးသွားပြီး စစ်ကြောရေးမှာရိုက်နှက်ခံရလို့ ပြည်သူတယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် ပ.က.ဖ ကနေ သိရပါတယ်။

ပွင့်ဖြူမြို့နယ် ရှားတောကျေးရွာကို မနေ့မနက် ၄ နာရီလောက်မှာ စစ်ကောင်စီတပ်တွေ ဝင်လာလို့ ရွာထဲကလူတွေနဲ့ တောစပ်တွေမှာ ပုန်းနေကြတဲ့အချိန်မှာ မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းတို့ မိသားစု၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းတို့ အပါအဝင် ၁၀ ယောက်လောက် ဖမ်းဆီးခံခဲ့ရတာလို့ မင်းဘူးခရိုင် ပ.က.ဖ ဒုခေါင်းဆောင် ဗိုလ်မိုးသီးက ပြောပါတယ်။

“အဖမ်းဆီးခံရတဲ့သူတွေကို မကွေးဘက်ကို ခေါ်သွားပြီး PDF သင်တန်းဆင်းတယောက် ဖြစ်တဲ့ ရှားတောကျေးရွာက အသက် ၃၅ နှစ်အရွယ် ကိုထွန်းကို စတင်ဖမ်းမိချိန်ကစလို့ ရိုက်နှက်နှိပ်စက်လို့ မျက်နှာတွေ ဖူးရောင်နေပြီး ဒီနေ့ စစ်ကြောရေးမှာ လက်လွန်သွားလို့ သေဆုံးသွားပြီလို့ အတွင်းသတင်းပေးတွေဆီကတဆင့် သိရတယ်။”

မကွေးတိုင်းမှာ အားကိုးရတဲ့ ခေါင်းဆောင်တွေ ဖမ်းဆီးခံလိုက်ရလို့ စိတ်ထိခိုက်ရပြီး နစ်နာမှုတွေရှိတာကြောင့် ခေါင်းဆောင်ပိုင်းတွေအနေနဲ့ မြို့နဲ့နီးတဲ့နေရာတွေမှာမနေဘဲ လုံခြုံတဲ့နေရာတွေမှာ နေထိုင်ကြဖို့ ဗိုလ်မိုးသီးက တိုက်တွန်းပါတယ်။

စစ်ကောင်စီဘက်က ရွေးကောက်ပွဲကျင်းပဖို့ စီစဥ်နေပြီး မဲစာရင်းတွေ၊ သတင်းတွေကို အတိအကျ လိုက်ယူနေကာ ဒလန်လည်း အားကောင်းတာကြောင့် လုံခြုံမှုရှိတဲ့နေရာမှာ နေထိုင်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ခေါင်းဆောင်ပိုင်းတွေ ဖမ်းဆီးခံရပေမဲ့လည်း ကျန်တဲ့အဖွဲ့တွေနဲ့ အချိတ်အဆက်မိမိနဲ့ တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဗိုလ်မိုးသီးက ပြောပါတယ်။

ခေါင်းဆောင်ပိုင်းတွေ ဖမ်းဆီးခံလိုက်ရတော့ ကျန်တဲ့ ဆက်နွှယ်မှုရှိတဲ့သူတွေကတော့ ကြိုတင်ရှောင်ရှာတာတွေ၊ ဖုန်းကတ်ပြောင်းတာတွေ အမြန်ဆုံးလုပ်ဆောင်သင့်ပြီး စစ်ကောင်စီနဲ့ နီးတဲ့နေရာတွေမှာမနေထိုင်ကြဖို့ လိုအပ်တယ်လို့ မင်းဘူးခရိုင် အမှတ်(၂)တပ်ရင်း က တပ်ထောက်တာဝန်ခံ တာလဘောကလည်း ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းရဲ့ ဇနီးဟာလည်း ထောင်ထဲမှာ အချုပ်ကျနေပြီး၊ ဦးဝင်းဝင်း ရဲ့ ဇနီးနဲ့ ကလေး နှစ်ယောက်အပါဝင် မိသားစုလိုက် ဖမ်းဆီးသွားကာ နေအိမ်တွေလည်း ချိပ်ပိတ်သိမ်းဆည်းခံထားရတာလို့ ဆိုပါတယ်။

“ကိုဝင်းဝင်းတို့ ကိုထွန်းထွန်းတို့ဆိုတာ တော်လှန်ရေးကာလ တလျှောက်လုံးမှာ အားကိုးရတဲ့ ပြည်သူ့ဘက်က ရပ်တည်ပေးတဲ့ ပြည်သူ့ကိုယ်စားလှယ်စစ်စစ်တွေဖြစ်ပြီး သူတို့ဖမ်းဆီးခံရတာဟာ မကွေးတိုင်းအတွက် အင်မတန်မှ နစ်နာဆုံးရှုံးရတယ်”လို့  တာလဘောက ပြောပါတယ်။

စစ်ကောင်စီက အစပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့နေအိမ်တွေနဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းရှင်တွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်ခဲ့သလို နောက်ပိုင်းမှာလည်း သူတို့နဲ့ လက်မှတ်မထိုးထားတဲ့ မပူးပေါင်းတဲ့ လွှတ်တော်ကိုစားလှယ်တွေရဲ့ အိမ်တွေကို ဆက်လက်ချိပ်ပိတ်နေတာတွေ့ရတယ်လို့ တာလဘောကပြောပါတယ်။

စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဇန်နဝါရီ ၉ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးခံထားရသူ ၁၃၃၂၁ ယောက်ရှိပြီး အဲဒီထဲက ၁၉၃၇ ယောက် ထောင် ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013