မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကျိုက်ထိုမြို့ပေါ်ရပ်ကွက်နဲ့ ကေအန်ယူ တပ်မဟာ-၁ နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတချို့မှာ စစ်တပ်လုံခြုံရေးနဲ့ တအိမ်တက်ဆင်း လူဦးရေစာရင်းတွေ လိုက်ကောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ရွေးကောက်ပွဲကျင်းပဖို့ ပြောနေတယ်၊ ပြည်သူတွေက အခု စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိပါဘူး။ အခု သန်းခေါင်စာရင်းယူတာတောင် လုံခြုံရေးတွေနဲ့ မသင်္ကာရင် ဖုန်းတွေပါ စစ်ဆေးလိုက်သေးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေက “အခု ကျိုက်ထိုမြို့ပေါ်က ရပ်ကွက် ၆ ခုနဲ့ ကျေးရွာ ၃၆ ရွာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြည်ခိုင်ဖြိုးပါတီကလူတွေ အများဆုံးထားရှိပြီး သန်းခေါင်စာရင်းတွေကောက်တာ။ တချို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ စစ်တပ်က ဖိအားပေးပြီး လုပ်ခိုင်းတာ မလွန်ဆန်ရဲကြပေမဲ့ လုပ်ပေးနေရတာ” လို့ ပြောပါတယ်။
ကေအန်ယူ တပ်မဟာ-၁ ဘက် ကျေးရွာတွေဆို သန်းခေါင်စာရင်းနဲ့ ပတ်သက်တာတွေကို မကောက်ရဲကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အနိုင်ရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အပါအဝင် အန်အယ်လ်ဒီအမာခံတချို့နဲ့ ထောက်ခံသူတချို့ စစ်ကောင်စီက ဖမ်းဆီးခံထားပြီး အခု ရွေးကောက်ပွဲ အသစ်ထပ်လုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
အခု စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲမှာ တစညပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ PPP ပါတီတွေ ဝင်ရောက်ယှဥ်ပြိုင်ကြမယ်လို့ သတင်းတွေ ထွက်ပေါ်နေကြောင်း နိုင်ငံရေးပါတီဝင်တွေနဲ့ နီးစပ်နေသူတယောက်က ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး နိုင်ငံတကာကလည်း လက်မခံတဲ့ကြားက စစ်အုပ်စုက နိုင်ငံရေး နောက်ဆုံးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို အသည်းအသန် ကျင်းပဖို့ ပြင်ဆင်နေတာလို့ သုံးသပ်ပြောပါတယ်။