DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ဖြစ်စဉ် ၈၅၁ ကြိမ် ဖြစ်ပွား
DVB
·
January 9, 2023
တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ဖြစ်စဉ် ၈၅၁ ကြိမ် ဖြစ်ပွား
Donate to DVB

တနင်္သာရီတိုင်းအတွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ ဒီဇင်ဘာ ၂၀၂၂ နှစ်အထိ အကြမ်းဖက်ပဋိပက္ခဖြစ်စဉ် ၈၅၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တနင်္သာရီအခြေစိုက် လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ Southern Monitor က ထုတ်ပြန်ထားပါတယ်။

အဲဒီအကြမ်းဖက်ပဋိပက္ခဖြစ်စဉ် ၈၅၁ ကြိမ်မှာ တိုက်ပွဲဖြစ်စဉ် ၂၈၆ ကြိမ်၊ ဗုံးကွဲတာ၊ မိုင်းဆွဲတာ၊ ဒရုန်းနဲ့တိုက်ခိုက်တဲ့ဖြစ်စဉ် ၂၂၁ ကြိမ်နဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ အရပ်သားထိခိုက်မှု ဖြစ်စဉ် ၃၃၄ ကြိမ်ပါဝင်တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှ တက်ကြွလှုပ်ရှားသူတဦးက “တနင်္သာရီတိုင်းထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပြီး တော်လှန်ကြတဲ့နေရာမှာ အခုနောက်ပိုင်းအချိန်တွေမှာ တိုက်ပွဲတွေ ပိုပြီး ခပ်စိတ်စိတ်ဖြစ်လာတာ တွေ့ရတယ်။ တချို့နေရာတွေမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်လာတယ်။ စကစအနေနဲ့လည်း ထိခိုက်ကျဆုံးမှုများတာ တွေ့ရတယ်။ အဓိကအချက်ကတော့ စကစအနေနဲ့ တနင်္သာရီတိုင်းဟာ တခြားဒေသတွေနဲ့ မတူညီတဲ့ နယ်မြေအနေအထားရှိတယ်။ ဒါက ဘာလဲဆို တနင်္သာရီသည် စကစအတွက် ကြည်း ရေ လေ ၃ ခုစလုံး အသုံးပြုလို့ရတဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ ရှေ့ပိုင်းအချိန်တွေမှာ တနင်္သာရီတိုင်းထဲမှာရှိနေတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေဟာ အားနည်းနေခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ အားကောင်းလာတဲ့ အနေအထားမှာ ရှိလာခဲ့ပြီဖြစ်တဲ့အတွက် စကစ တွက်ချက်ခန့်မှန်းသလို တနင်္သာရီတိုင်းကို သူတို့အနေနဲ့ ထိန်းချုပ်ထားနိုင်ဖို့ဆိုတာ မလွယ်ကူတော့ဘူးလို့ မြင်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လလောက်ကနေ အကြမ်းဖက်ပဋိပက္ခဖြစ်စဉ်တွေ တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်စဉ်အကြိမ် ၉၀ ဖြစ်ပွားခဲ့တာကြောင့် အရေးအတွက် အများဆုံးလဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ဖြစ်စဉ်အကြိမ် ၈၀ ဖြစ်ပွားခဲ့လို့ ဒုတိယအရေအတွက်အများဆုံးလာဖြစ်ခဲ့တယ်လို့ Southern Monitor က ထုတ်ပြန်ထားပါသေးတယ်။

“စစ်ရေးကျင့်ဝတ်လိုက်နာမှုရှိမရှိ တခုချင်း အသေးစိတ်ကိုတော့ စောင့်ကြည့်လေ့လာနိုင်ခြင်း မရှိပါဘူး။ အရပ်သားထိခိုက်မှု ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း အရပ်သားတွေ သေဆုံးဒဏ်ရာရတာ၊ နေအိမ်တွေ မီးရှို့ခံရတာတွေ ရှိတာ တွေ့ရပါတယ်။ သတင်းပေး ဒလန်ရှင်းလင်းတာတွေနဲ့ မသက်ဆိုင်သူတွေ ထိခိုက်တာတွေလည်း တွေ့ရပါတယ်။ ခရီးသွားလာသူတွေကို အကြောင်းမဲ့ ပစ်ခတ်ခံရတာ၊ စစ်ဘေးရှောင် အကူအညီပေးဖို့ ပိတ်ပင်တားဆီးတာတွေလည်း ရှိခဲ့ပါတယ်။ ယေဘုယျအားဖြင့် စစ်ရေးကျင့်ဝတ်တွေကို လိုက်နာမှုအားနည်းတယ်လို့ ပြောလို့ရပါတယ်။အရပ်သားထိခိုက်မှု နည်းအောင် စစ်ရေးကျင့်ဝတ်တွေ နှစ်ဖက်စလုံးက လိုက်နာသင့်ပါတယ်” လို့ Southern Monitor ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဖြစ်စဉ်အများစုဟာ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်အတွင်းက မြို့နယ်တွေမှာ အများဆုံး ဖြစ်ပွားခဲ့ပြီး ကော့သောင်းခရိုင်မှာတော့ ဖြစ်စဉ်အရေအတွက် နည်းပါးတာ တွေ့ရတယ်လို့ Southern Monitor ရဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013