ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ပြီး ကျင်းပခွင့်ပြုမှာမဟုတ်သလို ရွေးကောက်ပွဲအတွက် ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဇန်နဝါရီ ၉ ရက် နေ့စွဲနဲ့ CDF-Hakha Council က အသိပေး ထုတ်ပြန်ပါတယ်။
“အာဏာရူး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ပြီး တရားဝင်အစိုးရ ဖြစ်နိုင်ဖို့ ကြိုးစားတာကို CDF-Hakha Council အနေနဲ့ လုံးဝကန့်ကွက်ပြီး ဟားခါးမြို့နယ်အတွင်းတွင် ကျင်းပခွင့်ပေးမှာ မဟုတ်ဘူး” လို့ အဖွဲ့တာဝန်ရှိသူက ထုတ်ပြန် ပြောဆိုပါတယ်။
ရွေးကောက်ပွဲဖြစ်မြောက်ရေး ပါဝင်ဆောင်ရွက်တဲ့ ဌာနဆိုင်ရာရုံးနဲ့ လူပုဂ္ဂိုလ်၊ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီနဲ့ လူပုဂ္ဂိုလ်၊ မဲပေးသူ မည်သူမဆို၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့အတူ ပြည်သူလူထုရဲ့ရန်သူတွေအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူပုဂ္ဂိုလ်တဦးဦးအား ထိခိုက်မှု တစုံတရာရှိပါက တာဝန်ယူမှာ မဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်သူတွေကို ကြိုတင်အသိပေး ထုတ်ပြန်ထားပါတယ်။