
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ထန်းကုန်းရွာကို ဇန်နဝါရီ ၉ ရက် ဒီနေ့မနက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ပြည်သူ ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထီးချိုင့်ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်တပ်ဟာ အလယ်တောရွာကို မီးရှို့ပြီး ထပ်မံစစ်ကြောင်းထိုးရင်း အနီးအနားက ကျေးရွာတွေဆီ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ထန်းကုန်းရွာ ဘုန်းကြီးကျောင်းပေါ်တလုံး၊ ကံပေါက်ရွာ စာသင်ကျောင်းပေါ်တလုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံရွာသားတွေဆီကနေ သိရပါတယ်။
ဒေသခံရွာသားတဦးက “ဒီနေ့မနက်ခင်း သူတို့ စစ်ကြောင်း စမထွက်ခင် အလယ်တောရွာကို မနက်ခင်း ၆ နာရီလောက်ကစပြီး ရွာကို မီးရှို့ထားခဲ့တယ်။ အဲဒီကနေ ဆားတွင်းရွာဘက်ကို စစ်ကြောင်းထိုးတယ်။ အဲလို စစ်ကြောင်းထိုးရင်း လက်နက်ကြီးနဲ့ အနီးအနားက ရွာတွေကို အသားကုန် ပစ်တော့တာပဲ။ သူတို့ပစ်တဲ့လက်နက်ကြီး ဘုန်းကြီးကျောင်းပေါ်ကျပြီး စစ်ဘေးရှောင်တွေ အကုန်ထိမှန်ကုန်တယ်ဗျ။ ဒဏ်ရာရတာက ၇ ယောက်၊ သေတာက တယောက်ပါဗျ။ သေတဲ့သူအမည်က ဦးကျော်ခင် အသက် ၇၀ ကျော်ပါ” လို့ ပြောပါတယ်။
ထီးချိုင့်မြို့နယ် အလယ်တောရွာကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ပထမအကြိမ် မီးရှို့ခဲ့တာကြောင့် နေအိမ် ၉၈ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး အခု ဒုတိယအကြိမ်မှာတော့ အိမ်ခြေ ၂၀၀ နီးပါးလောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။