ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဇန်နဝါရီ ၈ ရက် ညပိုင်းက ဆန်အိတ်တွေသယ်လာတဲ့ ကားတစီးကို လူတစုက တားဆီးပြီး ရိုက်နှက်ကာ ဆန်အိတ်တွေ လုယက်ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ ည ၁၀ နာရီလောက်မှာ ငါးဖယ်အိုးကျေးရွာက ရေကာတာနားအရောက် ဆန်တင်လာတဲ့ ကားကို အမည်မသိ လူတစုကတားပြီး ဆန်အိတ်တွေကို လုယက်သလို လူကိုလည်း ခေါင်းကိုရိုက်ခွဲသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ည ၁၀ နာရီလောက်ဆိုတော့ လူကမရှိတော့ဘူးလေ၊ ပြီးတော့ ဖြစ်တဲ့နေရာကလည်း နည်းနည်းခေါင်တယ်။ ဆန်အိတ်တွေလည်း အားလုံးပါသွားတယ်။ ပြီးတော့ လူလည်း ခေါင်းထိသွားတယ်။”
ဆန်အိတ်သယ်လာတဲ့ကား လုယက်ခံရတာကြောင့် ဆန်အိတ် ၈ အိတ် ဆုံးရှုံးခဲ့ရသလို ပိုင်ရှင်လည်း ဦးခေါင်းကွဲဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကတော့ တရားခံတွေကို လိုက်လံစုံစမ်းနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေသခံတွေကတော့ ခုဖြစ်စဉ်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံလူတန်းစားတွေ စားဝတ်နေရေး ကျပ်တည်းလာမှုတွေကြောင့် ခုလိုမျိုး လုယက်မှုတွေ ကျူးလွန်လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။