DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ် ဝန်လဲ အထက်စုရွာကို စစ်တပ်မီးရှို့၊ မင်းတုန်း အုပ်ချုပ်ရေးမှူးအိမ်ကို ပ.က.ဖ ပူး‌ပေါင်းတပ် စီးနင်
DVB
·
January 9, 2023
ပေါက်မြို့နယ် ဝန်လဲ အထက်စုရွာကို စစ်တပ်မီးရှို့၊ မင်းတုန်း အုပ်ချုပ်ရေးမှူးအိမ်ကို ပ.က.ဖ ပူး‌ပေါင်းတပ် စီးနင်
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်လဲ အထက်စုရွာကို ဇန်နဝါရီ ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းက ဝန်လဲ အထက်စုကျေးရွာကို ဇန်နဝါရီ ၇ ရက် ညနေမှာ စစ်ကြောင်းထိုးဝင်ရောက်ပြီး ညအိပ်စခန်းချကာ ဇန်နဝါရီ ၈ ရက် မနက် ၇ နာရီကျော်လောက်က မီးရှို့ဖျက်ဆီးခဲ့ကြတာလို့ ဝန်လဲ (အထက်စု) ရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ရွာက အိမ်ခြေ ၇၀ လောက်ရှိပြီး စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ကာ စားနပ်ရိက္ခာတွေ အသုံးအဆောင်ပစ္စည်းတွေ အားလုံး မီးထဲပါသွားတယ်။ စစ်ကြောင်းထိုးလာတော့ အဝတ်တထည် ကိုယ်တခုနဲ့ ဘေးလွတ်ရာ တောတောင်ထဲတွေကို ထွက်ပြေးခဲ့ရပြီး သစ်ပင်အောက်တွေ နွားလှည်းအောက်တွေမှာ ဖြစ်သလို နေထိုင်ခဲ့ရပြီး အမိုးအကာ၊ အနွေးထည်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကူအညီ လိုအပ်နေတယ်။”

ပေါက်မြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီစစ်ကြောင်းက ကျေးရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေပေါင်း ၃,၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး မကွေးတိုင်းအတွင်းမှာ အများဆုံး မီးရှို့ခံရတဲ့မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ ဇန်နဝါရီ ၇ ရက် ညက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို ပ.က.ဖတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ကားတစီးနဲ့ လက်ကိုင်ဖုန်းတလုံး သိမ်းဆည်းနိုင်ခဲ့တယ်လို့ သရက်၊ ကံမ၊ မင်းတုန်း ပူပေါင်း ပ.က.ဖ Eagle Force တပ်ဖွဲ့ကနေ သိရပါတယ်။

မင်းတုန်းမြို့နယ် စပတန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဖိုးပြားနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် ဝိုင်းဖွဲ့အရက်သောက်နေတာကို ဇန်နဝါရီ ၇ ရက် ည ၉ နာရီလောက်မှာ ပူးပေါင်း ပ.က.ဖ တပ်ဖွဲ့ Eagle Force က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ ကစဥ်ကလျား ထွက်ပြေးသွားတယ်လို့ Eagle Force ပူးပေါင်း ပ.က.ဖ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ စစ်သားတွေ ထွက်ပြေးသွားပြီးနောက် Double Cab ကားတစီးနဲ့ လက်ကိုင်ဖုန်းတလုံး ကျန်ခဲ့တဲ့အတွက် ကားကိုတော့ မိုင်းခွဲဖျက်ဆီးလိုက်လို့ မီးလောင်ပျက်စီးသွားပြီး လက်ကိုင်ဖုန်းတလုံးကိုတော့ သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီအုပ်ချုပ်ရေးမှူးနဲ့ စစ်သားတွေဟာ ညတိုင်း အရက်ဝိုင်းဖွဲ့စားသောက်ပြီး ပုသိမ်-မုံရွာ ကားလမ်းပေါ်က ဖြတ်သွားဖြတ်လာ ကားတွေဆီက ငွေကြေးတွေ မတရား တောင်းယူနေသလို အဲဒီအုပ်ချုပ်ရေးမှူးက သတင်းပေးခဲ့လို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲမှာ ကျနော်တို့တပ်ဖွဲ့က သေနတ်အရှည် ၂ လက် သိမ်းဆည်းခံခဲ့ရတယ်” လို့ ကိုမြတ်က ပြောပါတယ်။

မင်းတုန်းမြို့နယ် လက်ပွကျေးရွာမှာ ဒီဇင်ဘာ ၁၅ ရက် မနက်ကလည်း စစ်ကောင်စီ သတင်းပေးတယောက် ရှင်းလင်းခံရလို့ စစ်ဆေးဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သရက်၊ ကံမ၊ မင်းတုန်း Eagle Force ပူးပေါင်း ပ.က.ဖ ကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013