DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာ နယ်စပ်ဂိတ်များ မြန်မာဘက်က မဖွင့်သေး
DVB
·
January 9, 2023
တရုတ်-မြန်မာ နယ်စပ်ဂိတ်များ မြန်မာဘက်က မဖွင့်သေး
Donate to DVB

တရုတ်-မြန်မာ နယ်စပ် မန့်ဝိန်း၊ နန်းတော်နဲ့ ဆင်ဖြူဂိတ်တွေ ဇန်နဝါရီ ၈ ရက်နေ့ ပြန်ဖွင့်မယ်လို့ တရုတ်ဘက်ကတရားဝင်သတင်းထုတ်ထားပေမဲ့ မြန်မာဘက်ကတော့ အကြောင်းအမျိုးမျိုးကြောင့် မဖွင့်သေးဘူးလို့ နယ်စပ်ဒေသခံတွေနဲ့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

"ဂိတ်က တရုတ်ကတော့ ဖွင့်တယ် ဒီနေ့။ မြန်မာဘက်က အဆင်သင့် မဖြစ်သေးလို့။ အချိန်ယူရတယ်လေ ဂိတ်ဖွင့်တာက။ အနှေးနဲ့ အမြန်ဖွင့်တော့ ဖွင့်မှာပါ။ အဆင်သင့် မဖြစ်သေးလို့ တဖက်နဲ့ တဖက် အချိတ်အဆက် မမိတာလေးပဲရှိတာ။" လို့ နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။

တရုတ်ဘက်ကတော့ ဇန်နဝါရီလ ၈ ရက်နေ့ကစ မူဆယ် - ရွှေလီ နယ်စပ်ဂိတ်တွေ ဖြစ်တဲ့ မန့်ဝိန်း- ကျယ်ဂေါင် ကုန်သွယ်ရာဂိတ်၊ နန်းတော် (အလယ်ပေါက်) လူဝင်၊ လူထွက်ဂိတ်နဲ့ ဆင်ဖြူ နှစ်နိုင်ငံဈေးဂိတ်တွေကို ဖွင့်လှစ်မှာ ဖြစ်ကြောင်း တရားဝင် စာထုတ်ထားတဲ့အပြင် မြန်မာ နိုင်ငံအခြေစိုက် တရုတ်သံရုံးကလည်း ဇန်နဝါရီ ၅ ရက်က အဲဒီ ဂိတ်တွေ ဖွင့်လှစ်ပြီဖြစ်ကြောင်း သတင်းထုတ်ထားသလို တရုတ်ဘက်က ဇန်နဝါရီ ၈ ရက်မှာ ဖွင့်လှစ်ခဲ့ပေမယ့် မြန်မာဘက်ကတော့ ဖွင့်လှစ်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တဦးက"ပိတ်တုန်းက ကိုယ့်သ‌ဘောနဲ့ ကိုယ်ပိတ်တဲ့အတွက်ကြောင့် အခု ပြန်ဖွင့်တဲ့ အချိန်မှာ အောက်ခြေ အဆင့်ကနေပြီးဆုံးဖြတ်လို့ မရဘူး။ နိုင်ငံတော်အဆင့် ဖွင့်ပေးထားတဲ့ နယ်စပ်ဂိတ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော်အဆင့်နဲ့ပဲ ပြောပါဆိုပြီး သူတို့က အကြောင်းပြန်လိုက်တာလေ” လို့ ပြောပါတယ်။ 

ဒီ နယ်စပ်ဂိတ်သုံးခု အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ဖို့နဲ့ ပတ်သက်ပြီး တရုတ်ဘက်က ကမ်းလှမ်းလာတာကြောင့် နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူတွေ ဒီလ ဇန်နဝါရီ ၃ ရက်မှာ တွေ့ဆုံ ဆွေးနွေးအစည်းအဝေးပြုလုပ်ရာမှာ နိုင်ငံတော်အဆင့် သတ်မှတ်ထားတဲ့ ဂိတ်တွေ ဖြစ်တာကြောင့် သံတမန်လမ်းကြောင်းနဲ့သာ ဆောင်ရွက်ရန် မြန်မာနယ်စပ် တာဝန်ရှိသူတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနယ်စပ်တာဝန်ရှိသူတဦးကတော့ တရားဝင် အကြောင်းကြားလာတာမျိုး မရှိ‌သေးဘဲ နယ်စပ်ဂိတ်သုံးခု ပြန်လည်ဖွင့်လှစ်ဖို့ ကမ်းလှမ်းလာတာပဲရှိသေးတယ်လို့ပြောပါတယ်။

"ဖွင့်တာလည်း သူတို့။ ပိတ်တာလည်း သူတို့။ တဖက်သတ်ကြီးပဲ။ .... သူတို့လည်း ရောဂါ ဖြစ်နေတာလေ။" လို့ မြန်မာ ပို့ကာန် လုပ်ငန်းရှင် တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံမှာ ကိုဗစ် ဇီးရိုးမူဝါဒ ‌ဖြေလျှော့ လိုက်ပြီးနောက် တရုတ်နိုင်ငံမှာ ကိုဗစ်ရောဂါ ပြန်လည် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ 

တရုတ် - မြန်မာ နှစ်နိုင်ငံ လွတ်လပ်တဲ့ကုန်သွယ်မှုဇုန်ဖြစ်တဲ့ ရွှေလီကျယ်ဂေါင်မှာ မြန်မာဘက်က ရွှေ့ပြောင်းလုပ်သား ၃ သိန်းကျော် အလုပ်လုပ်ကိုင် မှီခိုခဲ့ကြရပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် နှစ်နိုင်ငံ တရားဝင် ဂိတ်ကရော၊ တရားမဝင်ဂိတ်ကရော မြန်မာရွှေ့ပြောင်းလုပ်သားတွေ သိန်းချီ ပြည်တော်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။

မူဆယ်-ရွှေလီ နှစ်နိုင်ငံ ကုန်သွယ်ရာ မန့်ဝိန်း-ကျယ်ဂေါင်ဂိတ်၊ နှစ်နိုင်ငံ လူဝင်၊ လူထွက် နန်းတော် (အလယ်ပေါက်) ဂိတ်နဲ့ ဆင်ဖြူနှစ်နိုင်ငံ ဈေးဂိတ်တွေကို တရုတ်ဘက်က ကိုဗစ်အကြောင်းပြချက်နဲ့ ၂၀၂၁ ဧပြီလကစ ရုတ်တရက် အကန့်အသတ်မရှိ ပိတ်ခဲ့တာဖြစ်ကြောင်း နယ်စပ် တာဝန်ရှိသူတွေနဲ့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

နယ်စပ်ဂိတ်တွေ ရုတ်တရက် ပိတ်သိမ်းခဲ့တာကြောင့် တရုတ်ဘက်ထဲ မြန်မာကုန်တင်ကား ၅၀၀၀ လောက် ပိတ်မိကာ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေများစွာ ဆုံးရှုံးမှုရှိခဲ့တဲ့အပြင် ကုန်ကား ပိုင်ရှင်တွေ အချိန်ကြန့်ကြာ နစ်နာခဲ့ရသလို ကုန်တင်‌ယာဉ်မောင်းတွေလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ အမျိုးသားအဆင့်သတ်မှတ်ထားတဲ့ အဲဒီနယ်စပ်ဂိတ်တွေဟာ ကိုဗစ် ကပ်ရောဂါ ကာလ မတိုင်ခင် ပုံမှန် နှစ်နိုင်ငံ ကုန်သွယ်မှုရဲ့ ၇၀ ရာခိုင်နှုန်းခန့် ကုန်သွယ်မှုရှိပြီး မန့်ဝိန်း - ကျယ်ဂေါင် နှစ်နိုင်ငံ ကုန်သွယ်ရာဂိတ်ကနေ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်တွေနဲ့ တခြားကုန်တွေတင်ပို့ပြီး တရုတ်ဘက်က စိုက်ပျိုးရေးသုံးကုန်၊ လူသုံးကုန်စသဖြင့် ကုန်မျိုးစုံ တင်သွင်းတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013