DVB Logo
Home
မြန်မာသတင်း
ပုသိမ်ထောင် ဖြစ်စဉ်နှင့်ပတ်သက်၍ ထောင်တာဝန်ခံ၊ ရဲစခန်းမှူးအပါအဝင် ကျူးလွန်သူများ တာဝန်ခံရမည်ဟု အေအေပီပီပြော
DVB
·
January 9, 2023
ပုသိမ်ထောင် ဖြစ်စဉ်နှင့်ပတ်သက်၍ ထောင်တာဝန်ခံ၊ ရဲစခန်းမှူးအပါအဝင် ကျူးလွန်သူများ တာဝန်ခံရမည်ဟု အေအေပီပီပြော
Donate to DVB

ပြီးခဲ့တဲ့ ရက်ပိုင်းက ပုသိမ်အကျဉ်းထောင်အတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိ နေမင်းထက်၊ ပုသိမ်မြို့မရဲစခန်းမှူး မြင့်အောင်၊ နယ်မြေစခန်းမှူး ကျော်ဦးတို့အပါအဝင် အမိန့်ပေးစေခိုင်းသူတွေ၊ သက်ဆိုင်ရာထောင်အာဏာပိုင်တွေ၊ ကိုယ်တိုင်ကျူးလွန်သူတွေအားလုံး တာဝန်ခံရမှာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ 

ပုသိမ်အကျဉ်းထောင်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ညပိုင်းက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင် အာဏာပိုင်တို့ကြား ပြဿနာြဖစ်ခဲ့ပြီး ထောင်အာဏာပိုင်တွေဘက်က လူကိုသေစေနိုင်တဲ့ လက်နက်တွေနဲ့ ပစ် ခတ်တာ၊ အသံဗုံးခွဲတာ၊ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်တာ၊ လက်ပြန်ကြိုးတုပ်ပြီးအပြင်းအထန်ရိုက်နှက်တာတွေကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံး ၁ ယောက် သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသား အများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီးတော့ လုပ်ဆောင်တာဖြစ်ပြီး  မတရား ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဥပဒေမဲ့သတ်ဖြတ်တာဖြစ်လို့ ကြီးမားတဲ့ ရာဇဝတ်မှုကိုပါ ကျူးလွန်လိုက်တဲ့ လုပ်ရပ် ဖြစ် တယ်လို့ အေအေပီပီက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးချိန်ကစပြီး တရားဥပဒေ စိုးမိုးရေးပျက်ပြယ်သွားခဲ့ကာ အကြမ်းဖက်စစ်အုပ်စုရဲ့ အမာခံထောက်တိုင်တွေဖြစ်ကြတဲ့ တရားသူကြီးတွေ၊ စစ်သားတွေ၊ ရဲ တွေ၊ အကျဉ်းဦးစီးဝန်ထမ်းတွေက စစ်အုပ်စုအလိုကျ မတရားဖမ်းဆီးတာ၊ ဥပဒေမဲ့မတရားပြစ်ဒဏ်တွေ ချမှတ်တာ၊ အကျဉ်းထောင်အသီးသီးမှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်း နှိပ်စက်တာ၊ အနိုင်ကျင့်စော်ကားတာတွေကို ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

အဲဒီလို ဥပဒေမဲ့မတရားသတ်ဖြတ်တာတွေ၊ မတရားညှဉ်းပန်းနှိပ်စက်တာတွေအပေါ် အေအေပီပီအနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချလိုက်ပြီး မတရားကျူးလွန်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးအ တွက် တရားမျှတမှုရရှိနိုင်ရေး အစွမ်းကုန် ကြိုးစားအကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ပုသိမ်ထောင်ဖြစ်စဉ်အပါအဝင် မြန်မာနိုင်ငံအတွင်း နေ့စဉ်ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဥပဒေမဲ့သတ်ဖြတ်မှုတွေနဲ့ မတရားညှဉ်းပန်းနှိပ်စက်မှုတွေဟာ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေတွေကို ကျူးလွန်နေတာဖြစ်ပြီး အဆိုပါကျူးလွန်မှုတွေကို ပြည်တွင်း တရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ်အရေးယူနိုင်ခြင်းမရှိတဲ့အတွက် နိုင်ငံတကာ တရား စီရင်ရေးယန္တရားမှာ အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့လည်း အလေးအနက်တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်း ပုသိမ်အကျဉ်းထောင်အတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ ပုသိမ်အကျဉ်းထောင်ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၂ ဦး၊ အကျဉ်းဦးစီးဌာန ဝန်ထမ်း ၉ ဦး၊ ပေါင်း ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၁ ဦး  အချင်းချင်း ရိုက် နှက်မှုကြောင့် သေဆုံးခဲ့ကာ အကျဉ်းသား၊ အချုပ်သား ၆၃ ဦးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်း ၂ နှစ်နီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၂,၇၀၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ပေါင်း ၁၇,၀၀၀ နီးပါးထိရှိလာခဲ့ပြီဖြစ်တယ်လို့ အေအေပီပီက နောက်ဆုံးထုတ်ပြန်ထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၂၇၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၉၁၁ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ အယောက် ၁၀၀ ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၂ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013