
စစ်ကိုင်းတိုင်း အင်းတော်မြို့မှာ ဇန်နဝါရီ ၇ ရက်မနက်က ရဲတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ယာဉ်တစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲလေးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို လာရောက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မော်တော်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
"မနက် ၇ နာရီလောက်က ပညာရေးမှူးရုံးနား စစ်ဆေးရေးဂိတ်ကိုလာတဲ့ ရဲကား မိုင်းဆွဲခံရတာ။ ရဲ လေးဦး ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဒီထဲက တဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်၊ ဘယ်အဖွဲ့အစည်းက လုပ်တာလဲတော့ ကျနော်လည်းမသိဘူး။"
မိုင်းဆွဲတိုက်ခိုက်ခံရလို့ ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီတပ် ရိက္ခာကုန်းအဖြစ် နေရာယူထားတဲ့ ဂျပန်ဆေးရုံဟောင်းမှာ ဆေးကုသပေးနေတယ်လို့ ဆိုပါတယ်။
ရဲမော်တော်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နှက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့သလို ကား နဲ့ ဆိုင်ကယ်တွေကိုလည်း တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲကား မိုင်းဆွဲတိုက်ခိုက်တာကို မြို့ပြပြောက်ကျား အဖွဲ့အစည်းတခုက ပြုလုပ်ခဲ့တာဖြစ်ကြောင်း Indaw Revolution IR က ထုတ်ပြန်ထားပါတယ်။