
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေပြီး ဒီနေ့မှာလည်း ရွာ ၂ ရွာမီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၄ ရက်နေ့ကစလို့ ရေကြောင်းလမ်းကနေ ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဘုရားကုန်းကတဆင့် ကျောက်မှော်ရွာ၊ ဖောင်းကတာရွာ တလျှောက် စစ်ကြောင်းထိုးလာပြီး ဇန်နဝါရီ ၆ ရက်နေ့မှာ ဘင်္ကားရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲဒီနေ့ နေ့လယ်မှာပဲ ဖောင်းကတာရွာကို မီးရှို့ဖျက်ဆီးပြီး ညနေပိုင်းမှာတော့ ကျောက်ဖြူတိုင်ရွာကို မီးရှို့ခဲ့ကြပါတယ်။
ဘင်္ကားရွာမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၂ လုံး၊ ဖောင်းကတာရွာမှာ နေအိမ် ၆၅ လုံး ကျော်နဲ့ ကျောက်ဖြူတိုင်ရွာမှာတော့ နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီး ဆုံးရှုံးသွားပါတယ်။
အကြမ်းဖက်စစ်သားတွေ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ပြည်သူတွေဟာ နေ့ညမရှောင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိမှာ ဒေသခံ ၁၀၀၀ ကျော်ဟာ သူတို့ရဲ့ ရပ်ရွာကနေ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ ၈ ရက် မနက်ပိုင်းမှာတော့ အကြမ်းဖက်စစ်တပ်ဟာ မိုးကြိုးပြင်(မြောက်)ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
“လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ အနောက်ဘက်က မိုးကြိုးပြင်ရွာကို ဒီမနက် ၈ နာရီလောက်က မီးရှို့ပါတယ်။ မနေ့တုန်းက စစ်ကြောင်းထိုးဝင်လာတယ်။ ညအိပ်ပြီး မနက်ဘက်မှာ မီးရှို့တာ။ အသေးစိတ်တော့ မသိရသေးဘူး။ လူတွေလည်း ပြန်မကပ်နိုင်သေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
မိုးကြိုးပြင်(မြောက်) ရွာဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကလည်း အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ရပြီး အဲဒီတုန်းက နေအိမ်အလုံး ၉၀ လောက်ပျက်စီးခဲ့ရပါတယ်။
“ခု လောလောဆယ် သိရတာကတော့ မုံရွာ နမခက mi တစင်း၊ နောက်ထပ်ရဟတ်ယာဉ်တစင်းနဲ့ ညောင်ပင်တိုရွာမှာ အင်အားချဖြည့်တင်းနေတယ်” လို့လည်း ဒေသခံတယောက်က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မိုးကြိုးပြင်(မြောက်) ရွာကနေ ကိုင်းရွာကိုရောက်ပြီး အဲဒီမှာလည်း မီးရှို့ဖျက်ဆီးသလို ညောင်ပင်တိုရွာဘက်ကို ဆက်ထွက်သွားတယ်လို့ သိရပါတယ်။ ဒီနေ့ ဖျက်ဆီးခံရတဲ့ ရွာတွေမှာ ဆုံးရှုံးသွားတဲ့ အိမ်ခြေစာရင်းကိုတော့ မသိရသေးပါဘူး။