
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံရွာသား မိသားစုဝင် ၆ ဦး ဒဏ်ရာရရှိပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၇ ရက်နေ့ ည ၇ နာရီခွဲလောက်မှာ သိမ်ဇရပ်မြို့ အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၂၀၇) နဲ့ ဟိန်းမြန်မာကျောင်းမိုင်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရေကျော်၊ သုံးခွကျေးရွာအရှေ့ဘက် နေရာတွေနဲ့ သုံးခွ သုသာန်အနောက်ဘက် နေရာတွေကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီးကျည်ကြောင့် အသက် ၇ နှစ်အရွယ် ကလေးငယ် မောင်ထက်မြတ်လမင်း အပါအဝင် မိသားစုဝင် ၆ ဦးလုံး ဒဏ်ရာရရှိခဲ့ပြီး ကိုဇော်မိုးလွင်မှာ လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးခဲ့တာပါ။
ဒဏ်ရာရရှိခဲ့တဲ့ မိသားစုဝင် ၆ ဦးလုံးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သိမ်ဇရပ်ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်က ညတိုင်းနီးပါး လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေ ရှိနေသလို တချို့ဒေသခံတွေကတော့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။