
ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်မှာ ယာဉ်တိုက်မှုကြောင့် သတိမေ့မြောကာ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ မြန်မာအလုပ်သမား တယောက်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဇနီးဖြစ်သူက တခြားလူနာတွေ ကုသနိုင်ဖို့ လှူဒါန်းပေးခဲ့တယ်လို့ ရတ်ချ်ဘူရီဆေးရုံက ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၃ ရက်က အသက် ၂၉ အရွယ် မွန်တိုင်းရင်းသား ကိုသန့်ဇင်ထွန်းဟာ မော်တော်ဆိုင်ကယ် နဲ့ ပစ်ကပ်ကားတို့ တိုက်မိခဲ့ပြီး သတိမေ့မြောကာ စိုးရိမ်ရတဲ့အခြေအနေနဲ့ ပါထော့ဆေးရုံကတဆင့် ရတ်ချ်ဘူရီဆေးရုံကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
ကိုသန့်ဇင်ထွန်းရဲ့ ဦးနှောက်နဲ့ လည်ပင်းရိုးတွေကို ဓာတ်မှန်ရိုက်ခဲ့ရာမှာ လည်ပင်းရိုး အထက်ပိုင်းမှာ နေရာပြောင်းရွှေ့သွားခဲ့ပြီး လူနာရဲ့ အခြေအနေဟာ အချိန်တိုအတွင်း ဆိုးရွားလာနိုင်လို့ ဆေးရုံဆရာဝန်အဖွဲ့က လူနာရဲ့ မိသားစုထံ ဆက်သွယ်ပြီး တခြားလူနာတွေ ကုသနိုင်ရေး ကိုယ်အင်္ဂါလှူဒါန်းပေးခဲ့ဖို့ အကြောင်းကြားခဲ့ရာ ဇနီးဖြစ်သူမှ ကိုသန့်ဇင်ထွန်းရဲ့ နောက်ဆုံးအလှူအနေနဲ့ တခြားလူနာများအသက်ရှင်နိုင်ဖို့ ကုသနိုင်မယ့် အင်္ဂါအစိတ်အပိုင်းများကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ကိုသန့်ဇင်ထွန်းဟာ ထိုင်းနိုင်ငံမှာ ကြက်ဥရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်နေပြီး မြန်မာနိုင်ငံမှာသူ့ရဲ့ ဇနီးဖြစ်သူ နဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ် တယောက်လည်း ကျန်ခဲ့တယ်လို့ သိရပါတယ်။
ဆရာဝန်တွေေ တခြားလူနာ ၁၃ ယောက် ကုသနိုင်ဖို့ ကိုသန့်ဇင်ထွန်းရဲ့ မျက်လုံး တစ်စုံ၊ အရိုးနဲ့ တစ်ရှူးတွေကို ခွဲစိတ်ခဲ့ပြီး မျက်လုံး တစ်စုံကို ထိုင်းကြက်ခြေနီအဖွဲ့ချုပ်နဲ့ အရိုး နဲ့ တစ်ရှူးတွေကို ဘန်ကောက်မြို့ရှိ တော်ဝင်ဇီဝတစ်ရှူးလှူဒါန်းရေးဌာနထံ ဆက်သွယ်လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ရတ်ချ်ဘူရီဆေးရုံရှိ ဆရာဝန်တွေက ကိုသန့်ဇင်ထွန်းရဲ့ ကောင်းမှုကုသိုလ်အတွက် ကျန်ရစ်သူ မိသားစုထံ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးခဲ့ပြီး “ဘဝနောက်ဆုံးမှာ ကိုယ်ခန္ဓာလှူဒါန်းခဲ့ခြင်းက တန်ဖိုးမဖြတ်နိုင်တဲ့ ကုသိုယ်ကောင်းမှုဖြစ်တယ်" လို့ ပြောထားပါတယ်။