DVB Logo
Home
မြန်မာသတင်း
စိုးမိုးနယ်မြေများရှိလာပြီဖြစ်၍ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆက်လုပ်ရမည်ဟု NUG ဝန်ကြီးပြော
DVB
·
January 7, 2023
စိုးမိုးနယ်မြေများရှိလာပြီဖြစ်၍ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆက်လုပ်ရမည်ဟု NUG ဝန်ကြီးပြော
Donate to DVB

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးကာလ ၂ နှစ်နီးပါး ရှိလာခဲ့ချိန်မှာ စိုးမိုးနယ်မြေတွေ ရှိလာပြီဖြစ်တဲ့အတွက် အဆိုပါနယ်မြေတွေကို ဆက်လက်ထိန်း သိမ်းပြီးတော့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ တရားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောလိုက်ပါတယ်။

ဇန်နဝါရီ ၇ ရက် ဒီကနေ့ပြုလုပ်တဲ့ မြို့နယ်ဥပဒေတာဝန်ခံတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး ဒီအခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်၊ တွဲဖက်အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့နဲ့အတူ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ ဝန်ကြီးဌာနတာဝန်ရှိသူတွေ၊ မြို့နယ် ၂၁ မြို့နယ်မှ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန မြို့နယ်ဥပဒေတာဝန်ခံတွေ တက်ရောက်ခဲ့ကြတာပါ။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက မြေပြင်က ဥပဒေတာဝန်ခံတွေနဲ့ တရားရေးဝန်ကြီးဌာန ညှိနှိုင်းအဖြေရှာခြင်းက တရားရေးဝန်ကြီးဌာန ယန္တရားတခုလုံး လည်ပတ်ဆောင်ရွက်ရာမှာ ဥပဒေတာဝန်ခံတွေရဲ့ အခန်းကဏ္ဍဟာလည်း အင်မတန်အရေးကြီးကြောင်းနဲ့ အမှုအခင်းတွေကို တရားရုံးမရောက်ခင် ဥပဒေတာဝန်ခံတွေက ပထမဦးစွာ ထိတွေ့ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သလို အုပ်ချုပ်ရေးယန္တရားအနေနဲ့ ဥပဒေနဲ့ ညီညွတ်မှု ရှိ မရှိ အကြံပြုတောင်းခံလာတဲ့ အခြေအနေမှာလည်း အကြံပေးရမယ့်သူတွေဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်းမှာ စိုးမိုးနယ်မြေတွေ ရှိလာပြီဖြစ်တဲ့အတွက် အဆိုပါနယ်မြေတွေကို ဆက်လက်ထိန်းသိမ်းပြီးတော့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ အုပ်ချုပ်ရေးတာဝန်ခံတွေကို အနီးကပ် အကြံဉာဏ်ပေးဖို့ကလည်း ဥပဒေတာဝန်ခံတွေရဲ့ တာဝန်သာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013