
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက ပုသိမ်အကျဉ်းထောင်မှာ ဆူပူမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲတွေရဲ့ ပစ်ခတ်မှုကြောင့် PDF ၁ ဦးသေဆုံးကာ အကျဉ်းသား ၆၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပုသိမ်အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အကျဉ်းထောင်အတွင်းပစ်ခတ်မှုမှာ ချောင်းသာက PDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သလို ၆၄ ဦးဒဏ်ရာရှိတာကြောင့် ပုသိမ်ဆေးရုံကြီးကိုတင်ထားရပြီး အရေးပေါ်ကုသနေရသူ ၆ ဦး၊ စိုးရိမ်ရတဲ့ အနီရောင် အဆင့် ၄ ဦးနဲ့ လိမ္မော်ရောင်အဆင့် ၃ ဦးရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ဆေးရုံမှာ လုံခြုံရေးအပြည့်ချထားတယ်။ ကျည်ထိမှန်လို့ သေသွားတာက ၁ ဦး၊ အရေးပေါ်ကုသနေရတာက ၁၃ ဦး၊ ဒဏ်ရာရတာတွေကတော့များတယ်”လို့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
အကျဉ်းထောင်အတွင်း ပစ်ခတ်မှုဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ ကိုဝေယံဖြိုးဟာ အသက် ၃၅ နှစ်အရွယ်ရှိသူဖြစ်ပြီး PWDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ ၂၀၂၂ ခုနှစ် ဇွန်လပိုင်းက ဖမ်းဆီးခံခဲ့ရကာ စစ်တပ် စစ်ကြောရေးမှာ ၃ လကြာအောင် ညဉ်းပန်းနှိပ်စက်ခံခဲ့ရသူလည်းဖြစ်ပါတယ်။
ကိုဝေယံဖြိုးရဲ့ အလောင်းကို ပုသိမ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ချောင်းသာမှာရှိတဲ့ မိသားစုဝင် တွေကိုလည်း ခေါ်ယူထားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ အကျဉ်းထောင်ဆူပူမှုဖြစ်စဉ်မှာ ပုသိမ်ခရိုင်ရဲမှူးကြီး ဦးဆောင်ပြီး အဓိကရုဏ်းနှိမ်နင်းရေး သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ရပြီး အကျဉ်းသားအချင်းချင်းခိုက်ရန်ဖြစ်ပွားလို့ ၁ ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ် ပြန်ထားပါတယ်။