DVB Logo
Home
မြန်မာသတင်း
ရန်ကုန်က Man Spa အချို့တွင် အမျိုးသားပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခံနေရ
DVB
·
January 7, 2023
ရန်ကုန်က  Man Spa အချို့တွင် အမျိုးသားပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခံနေရ
Donate to DVB

ရန်ကုန်၊ တာမွေမြို့နယ်နဲ့ ဗဟန်းမြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့  Man Spa တချို့မှာ  အမျိုးသားပြည့်တန်ဆာအဖြစ် အတင်းအကျပ် ခိုင်းစေတာတွေရှိနေတယ်လို့  ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက ဒီဗွီဘီကို ပြောပါတယ်။

အလှပြုပြင်ရေးနဲ့ Man Spa လုပ်ငန်းတွေမှာ အလုပ်အကိုင်ရမယ်၊ လစာကောင်းမယ်ဆိုပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ကြော်ငြာစာတွေ့ခဲ့လို့ သွားရောက် လျှောက်ထားခဲ့တဲ့ နယ်က အမျိုး‌သား ၂ ဦးကို အဆိုပါ Man Spa မှာ အမျိုးသားပြည့်တန်ဆာအဖြစ် အတင်းအကျပ် စေခိုင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပြည့်တန်ဆာလုပ်ငန်းကနေ လွတ်မြောက်လာသူတဦးက “အဲ့နေ့က လူခေါ်ပို့စ်ကို တွေ့ပြီး ဖုန်းဆက်မေးကြည့်တာ၊ ‌CVဖောင်နဲ့ တကိုယ်လုံးပုံ တောင်းတယ်။ Spa အလုပ်မို့လို့တဲ့ ကျန်းမာနေလား၊ သူတို့ပြောတဲ့ အရပ်အတိုင်းရှိလား သိချင်လို့ တောင်းတာလို့ ပြောတယ်။ အင်တာဗျူးမေးတာ အမျိုးသမီးပဲ။ ဒီမှာက အလုပ်လည်း သိပ်မရှိတော့ ရန်ကုန်က အလုပ်ရှာရင်းတွေ့တာ။ ၁၆ ရက်နေ့ ရန်ကုန်ရောက်တော့ သူတို့ လာခေါ်တယ်။ အလုပ်က တာမွေမှာလို့ပြောပြီး ကျနော်တို့ကို ယုဇနဥယျာဉ်မှာ ထားတာ။ နောက်နေ့ Spa မှာ training သင်ရမယ်၊ အလုပ်သင် တပတ်ခန့်ပြီးရင် လစာ စရမယ်ပြောတယ်။ တာမွေက ဆိုင်ရောက်တော့ ကျနော်တို့လို ကောင်လေးတွေ ၅ ယောက်လောက် ရှိတယ်။ ဆိုင်က နာမည်တော့ မရေးထားဘူး။ ဧည့်သည်က ဖုန်းနဲ့ချိတ်တာလို့ ပြောတယ်။ ခဏနေတော့ ဓာတ်ပုံထပ်ရိုက်ရမယ်တဲ့၊ မရိုက်ခင် ကြည့်ကောင်းအောင် ဆေးတွေသောက်ခိုင်းတယ်။ ပြီးတော့ သူတို့ခေါ်တဲ့အခန်းထဲရောက်တော့ ကျနော်တို့ အိပ်ပျော်သွားရော။ နိုးလာတော့ ကျနော်တို့ အဓမ္မကျင့်ခံရတဲ့ပုံစံမျိုး ခံလိုက်ရတာပါ” လို့ ပြောပါတယ်။

Man Spa အမည်ခံ အမျိုးသားပြည့်တန်ဆာလုပ်ငန်းမှာ အလုပ်သင်စဝင်တာနဲ့ မြန်မာလိုနဲ့ အင်္ဂလိပ်လို ရေးထားတဲ့ စာချုပ်မှာ လက်မှတ်‌ထိုးထားရပြီး ဖုန်း၊ မှတ်ပုံတင်တွေ သိမ်းဆည်းခံရကာ ထွက်ပြေးပါက လျော်ကြေးအဖြစ် ၆ လစာ ပေးဆောင်ရမယ်လို့ ပါရှိတဲ့အပြင် နေထိုင်ရတဲ့ တိုက်ခန်းတံခါးကို သော့ခတ်ခံထားရတဲ့အတွက် အလုပ်ရှိမှသာ အပြင်ထွက်ခွင့်ရတယ်လို့ ဆိုပါတယ်။

“သူငယ်ချင်းက အဲ့ပို့စ်ကိုပြလို့ ကျနော်လည်း တပါတည်းလျှောက်လိုက်တာ။ တယောက်ပဲဗျူးပြီး နှစ်ယောက်စလုံးကို ဘယ်နေ့ဘယ်ရက် ရန်ကုန်အဝေးပြေးကွင်းကို အရောက်လာလို့ ပြောသွားတယ်။ ဝင်ဝင်ချင်း လစာ ၃ သိန်းခွဲ ပေးမယ်။ bonus ပါရင် ၅ သိန်းလောက်ရမယ် ပြောလို့ ရန်ကုန်ကို လိုက်လာခဲ့တာ။ စာချုပ်ချုပ်ပြီးတော့ ပြန်ချင်ရင် ၆ လစာ ပေးရမယ်။ ရဲတိုင်ချင်တိုင်၊ လိုင်းကြေးပေးထားတာ၊ မင်းတို့ဖုန်းနဲ့ နိုင်ငံရေးပို့စ် တင်လိုက်ရင် ရဲက မင်းတို့ကိုတောင် ဖမ်းသွားမယ်လို့ ပြောတယ်။ သူတို့ခေါ်ထားတဲ့ လူမိုက်လိုဟာတွေလည်း ရှိတယ်။ တောင်ဒဂုံမှာကတည်းက ကားနဲ့လိုက်လာတာ။ ကျနော်တို့ရောက်ပြီး ၃ ‌ရက်လောက်ကြာတော့ ပဲခူးဘက်ကနေ လူသစ်တွေ ထပ်ရောက်တယ်။ ဖောက်သည်တွေ ဖုန်းဆက်ရင် မန်နေဂျာက အဲ့ကကားနဲ့ လိုက်ပို့၊ ပြန်ကြိုတယ်။ တညလုံးဆို နှိပ်တာရော၊ လိင်ကိစ္စရော ၁ သိန်းပေးရတယ်။ ဧည့်သည်က မုန့်ဖိုးပေးရင် ကိုယ်ရတယ်။ Spa ဘက်ကနေ လစာပဲပေးတယ်” လို့ လွတ်မြောက်လာသူတဦးက ပြောပါတယ်။

Man Spa အမည်ခံ အမျိုးသားပြည့်တန်ဆာလုပ်ငန်းတွေကို တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းဆုံ၊ ဣစ္ဆာသယလမ်း၊ ဈေးကွေ့မှတ်တိုင်နားက တိုက်ခန်းတွေမှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

“ကျနော်တို့ ဒီအလုပ်ကြီး မလုပ်ချင်ဘူး။ မလုပ်တော့ဘူးပြောပြီး တယောက်ကို ၁၀ သိန်းနဲ့ ညှိပြီး ရွာကို ငွေလွှဲခိုင်းပြီး ဒီနှစ် ၁ လပိုင်း ၂ ရက်နေ့ ပြန်လာတာ။ ကျနော်တို့ကို မှတ်ပုံတင်ပဲ ပြန်ပေးတယ်။ ဖုန်းမှာ ပုံတွေရှိတော့ ပြန်မပေးဘူး။ ကျနော်တို့ ရဲကိုလည်း မတိုင်ရဲဘူး” လို့ လွတ်မြောက်လာသူတဦးက ပြောပါတယ်။

တာမွေက Man Spa လုပ်ငန်းတခုကို ဆက်သွယ်မေးကြည့်ရာမှာတော့ “ရောဂါကင်းပါတယ်၊ အလွတ်မရပါဘူး၊ လူရွေးလို့ရပါတယ်၊ လူပေါ်မူတည်ပြီး ဈေးမကွာပါဘူး၊ တဈေးတည်းပါ၊ အပြင်ကိုခေါ်ရင် အရောက်လာပို့ပေးပါတယ်၊ ပြန်ပို့စရာ မလိုပါဘူး၊ ပြန်လာခေါ်ပါတယ်၊ တာမွေ ကျားကွက်သစ်ရပ်ကွက်ပါ၊ Night ဆို ကားအကြိုအပို့ ၁ သိန်းပါ” လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း ကြီးမားလာမှုတွေနဲ့အတူ ခိုးဆိုးလုနှိုက်မှု၊ လောင်းကစား၊ မူးယစ်ဆေးဝါးပြဿနာနဲ့ လူကုန်ကူးမှု၊ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံနေရတဲ့အပြင် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေရဲဲ့ တာဝန်ယူ ဖြေရှင်းပေးနိုင်တာတွေ အားနည်းနေတာကို တွေ့ရပါတယ်။

အဆိုပါ Spa အမည်ခံ အမျိုးသားပြည့်တန်ဆာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး တာမွေမြို့မရဲစခန်းနဲ့ ဗဟန်းမြို့မရဲစခန်းတွေကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013