DVB Logo
Home
မြန်မာသတင်း
နေပြည်တော်၌ လူဦးရေစာရင်းကောက်ယူနေ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တိုက်တွန်း
DVB
·
January 6, 2023
နေပြည်တော်၌ လူဦးရေစာရင်းကောက်ယူနေ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တိုက်တွန်း
Donate to DVB

စစ်ကောင်စီဟာ လူဦးရေစာရင်း ခေါင်းစဥ်တပ်ပြီး ရွေးကောက်ပွဲအတွက်   အကြိုမဲစာရင်းတွေ ကောက်ယူနေတဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံး ဒီလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြဖို့  တော်လှန်ရေး အင်အားစုတွေက ဇန်နဝါရီ ၅ ရက်မှာ   ပန်ကြား လိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီက ပြင်ဆင်စိုင်းပြင်းနေတဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် နိုင်ငံအတွင်းရှိ လူဦးစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးဖို့ဆိုတဲ့ ခေါင်းစဥ်တပ်ပြီး အကြိုမဲစာရင်းတွေ ကောက်ယူဖို့ ပြင်ဆင်နေတာလို့ဆိုပါတယ်။

ဒီကိစ္စနဲ့ စပ်လျဥ်းပြီး စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြဖို့နဲ့ ခြိမ်းခြောက်မှုတွေရှိလာရင် မှတ်တမ်းတင်ထားပြီး သတင်းပေးပို့တိုင်ကြားကြဖို့ တော်လှန်ရေး အင်အားစုတွေက ပြည်သူလူထုတရပ်လုံးသို့ ပန်ကြားထားပါတယ်။

ဒါ့အပြင် မိမိတို့ပတ်ဝန်းကျင်မှာ လူဦးရေစာရင်းကောက်ယူမှုအခြေအနေတွေကို Telegram Scout channel သို့ဖြစ်စေ၊ သတင်းမီဒီယာတွေနဲ့ သပိတ်အင်အားစုတွေရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာသို့ ဖြစ်စေ အချိန်နဲ့တပြေးညီ သတင်းပေးပိုကြဖို့ အခြေအနေ အရပ်အရပ်ကြောင့် လူဦးရေစာရင်းပေးရပါကလည်း သတင်းအချက်အလက် အမှားတွေသာ ပေးကြဖို့ နှိုးဆော်တိုက်တွန်းထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကတော့ တအိမ်တက်ဆင်း လူဦးရေစာရင်း ကောက်ယူမှုတွေကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းက ကျေးရွာတွေမှာ အခုလဆန်းပိုင်းက စတင်ပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပုဗ္ဗသီရိမြို့နယ်အတွင်းမှ ကျေးရွာသားတဦးက “ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျနော်တို့ရွာကို ဌာနက လူတွေလာပြီး အိမ်ထောင်စုစာရင်း မှန်၊ မမှန် လာစစ်တယ်။ ရွာမှာဆို မှားနေတာတွေမှ တပုံကြီးပဲ။ မှားတဲ့ဟာတွေကို မှတ်သွားပြီး ပြန်ပြင်ပေးမယ် ပြောတယ်” လို့ ပြောပါတယ်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာလည်း  ဇန်နဝါရီ ၆ ရက် ဒီနေ့မနက်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာတွေကို မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့တယ်လို့ နေပြည်တော်ကောင်စီက သတင်းထုတ်ပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းရလဒ် မှန်ကန်စေရေးအတွက် ကျွန်းကုန်းကျေးရွာအတွင်းရှိ လူဦးရေဆိုင်ရာစာရင်းအချက်အလက်တွေနဲ့ မသန်စွမ်းသူတွေရဲ့ စာရင်းတွေ  တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ မဲစာရင်းတွေမှားယွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းယူခဲ့ပြီး  အခု ၂၀၂၃ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲထပ်မံကျင်းပဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Photo-NPTC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013