DVB Logo
Home
မြန်မာသတင်း
အခြေခံလူသုံးကုန်ပစ္စည်းများထုတ်လုပ်ပြီး ပြည်ပတင်ပို့ရန် စစ်ခေါင်းဆောင်ပြောဆိုချက်ပေါ် လုပ်ငန်းရှင်များ ဝေဖန်
DVB
·
January 6, 2023
အခြေခံလူသုံးကုန်ပစ္စည်းများထုတ်လုပ်ပြီး ပြည်ပတင်ပို့ရန် စစ်ခေါင်းဆောင်ပြောဆိုချက်ပေါ် လုပ်ငန်းရှင်များ ဝေဖန်
Donate to DVB

အခြေခံလူသုံးကုန်ပစ္စည်းတွေကို ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးပမ်းကြဖို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ တိုင်းပြည်ရဲ့ လက်တွေ ပကတိ အခြေအနေမှန်ကို မမြင်ပဲ ထင်ရာစိုင်း တဖက်ပိတ် ပြောဆိုမှုသာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်အသိုက်အဝန်းက တုံ့ပြန်ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့  ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အခုလို တိုက်တွန်းပြောဆိုသွားခဲ့တာပါ။

“နိုင်ငံသားများရဲ့လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အခြားကဏ္ဍတွေမှာ နည်းပညာအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲ ထုတ်လုပ်ရောင်းချခြင်းဖြင့် ပြည်တွင်းစားသုံးမှုဖူလုံစေရုံသာမက ပြည်ပ ပို့ကုန်များ ပိုမိုတိုးမြင့်လာပြီး နိုင်ငံသားများရဲ့ တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေမှာဖြစ်ပါတယ်။ ပြည်တွင်းလိုအပ်ချက်ဖြစ်တဲ့ အခြေခံ လူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရသူ(Importer)အဖြစ်မှ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည် တင်ပို့နိုင်သူ(Exporter)အဖြစ်သို့ ရောက်ရှိတဲ့အထိ ဆောင်ရွက်သွားဖို့ ရည်မှန်းချက်ချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်သွားကြရပါမယ်။”

စစ်ခေါင်းဆောင်က အခုလိုပြောနေပေမဲ့ လက်တွေ့မှာတော့ မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက်က ကြုံတွေ့ခဲ့ရတဲ့ စစ်အုပ်ချုပ်ရေးကြောင့် တိုင်းပြည်ဟာ တံခါးပိတ် စီးပွားရေး စနစ်ကို ကျင့်သုံးခဲ့ပြီး စစ်ခေါင်းဆောင်တွေရဲ့ အကျင့်ပျက်ခြစား တလွဲစီမံခန့်ခွဲမှုတွေကြောင့် တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုက အိမ်နီးချင်းနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် များစွာ နောက်ကျ ကျန်ရစ်ခဲ့ ရပါတယ်။ ဒါကြောင့်ပဲ ယနေ့ကာလအထိ အခြေခံလူသုံးကုန်ပစ္စည်းတွေနဲ့ အပ်ကအစ ပြည်တွင်းမှာ ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်း မရှိတဲ့အတွက် ပြည်ပကနေ တင်သွင်းနေရတာပါ။

ဒီအခြေအနေအပေါ် စီးပွားရေးသုတေသီတဦးက “ကျနော်တို့ဆီမှာ ထုတ်လုပ်နိုင်တာ ဘာရှိလို့လဲ။ ဥပမာဗျာ ခင်ဗျား ဝတ်ထားတဲ့ ရှပ်အင်္ကျီ ကိုပဲကြည့်ပါ။ ပိတ်စ ဘယ်က ရလဲ။ ကြယ်သီး ဘယ်က ရလဲ။ အပ်ချည် ဘယ်က ရလဲ။ ချုပ်တဲ့ အပ်က အစ ဘယ်က ရလဲ။ ကျနော်တို့ဆီက ထုတ်လုပ်တဲ့ဟာ ဘယ်ဟာ ရှိလဲ။ ဒါက အခြေခံလေးကို ပြောတာနော်။ အဲ့တော့ ကိုယ့်န်ိုင်ငံက မထုတ်လုပ်နိုင်တော့ ပြည်ပကနေ တင်သွင်း မှ ရမှာလေ။ ဒါကို ဘာမသွင်းနဲ့ ညာမသွင်းနဲ့ သွားလုပ်ရင် ပိုဆိုးမှာပေါ့။ သူကတော့ နိုင်ငံခြားငွေ စီးထွက်တာကို တားဖို့ ဆိုပြီး လုပ်တာ ဖြစ်ပေမဲ့ အဲ့လို လျှောက်လုပ်လို့ မရဘူးလေ။ တခါ ကျနော်တို့ဆီက ပို့ကုန်ကို ပြန်ကြည့်ရင် ဘယ်ဟာက တန်ဖိုးမြင့်ထုတ်ကုန် ရှိလို့လဲ။ ပို့သမျှကုန်ပစ္စည်းတွေက ကုန်ကြမ်းအဆင့်သာသာပဲ ရှိတာ မဟုတ်လား။ အဲ့လို အခြေအနေ ရှိနေတဲ့ တိုင်းပြည်က သူကြောင့် ပိုဆိုးတော့မှာလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

နည်းပညာ၊ငွေကြေးနဲ့အခြေခံအဆောက်အအုံ မပြည့်စုံတဲ့ အခြေအနေတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် ယိုင်နဲ့နေတဲ့ ပြည်တွင်းက SME လုပ်ငန်းငယ်တွေဟာ စစ်အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲဆိုးကျိုးကြောင့် အပြီးတိုင် ရပ်နားခဲ့ရတဲ့ လုပ်ငန်းတွေကလဲ ရှိလာပါတယ်။

ဒါကြောင့် ပကတိ အခြေအနေမှန်ကို မမြင်ပဲ ထင်ရာစိုင်း ပြောနေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ တဖက်ပိတ် ပြောဆိုမှုသာ ဖြစ်တယ်လို့ အသေးစား၊အလတ်စား(SME)စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ပြည်တွင်းလုပ်ငန်းရှင်တဦးက “သူက ထင်ရာ မြင်ရာတွေ လျှောက်ပြောနေတာလေ။ မဆလ ခေတ်တုန်းကလဲ ဒီလိုပဲ ကြုံခဲ့ပြီးပြီ။ တခါ နဝတ၊နအဖ ခေတ်တုန်းကလဲ ဒီလိုပဲလေ။ ဥပမာ ကျနော့်တို့ ထီးစက် ပဲကြည့်ပါ။ မြန်မာပြည်မှာတော့ လုပ်တာပဲ။ ဘာလုပ်ရ လဲဆိုတော့ လူက ထီးအရွက်ကို အပ်ချည်နဲ့ သီပြီး ပြန်ချုပ်တဲ့ အလုပ်ပဲ လုပ်ရတာလေ။ ထီးအရိုး၊ ထီးအရွက်၊ ထီးကိုင်း ပစ္စည်းအကုန်ပါပဲ နိုင်ငံခြားက သွင်းပြီး ဒီရောက်တော့ လူက အပ်ချည်နဲ့ပြန်တွဲရတဲ့ အလုပ်ပဲ ရှိတာ။ တိုင်းပြည်က ပြောင်းလဲ သွားတာ မဟုတ်ဘူး။ လူတွေကသာ ပြောင်းလဲသွားတာ။ လူက ဘာပြောင်းလဲ သွားလဲဆိုတော့ ယခင် စက်မှု-၁ ဝန်ကြီး ဦးအောင်သောင်းကိုကြည့်ပေါ့ဗျာ။ ပိုင်ဆိုင်မှုတွေက ဘယ်လောက်များလဲဆိုတာ။ တည့်တည့်ပြောရရင် စစ်အုပ်ချုပ်ရေး အောက်မှာ တိုင်းပြည်က မွဲသထက် မွဲလာတာပဲ ရှိတယ်” လို့  ဒီဗွီဘီကို ပြောပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ကိန်းဂဏန်းအချက်အလက်တွေအရ ယခု၂၀၂၂-၂၃ ဘဏ္ဍာနှစ် အောက်တိုဘာအထိ လူသုံးကုန်ပစ္စည်းတင်သွင်းမှုက အမေရိကန်ဒေါ်လာ ၂၈၉၉ ဒသမ ၁၆၂ သန်း (၂ ဒသမ ၈ ဘီလီယံကျော်) ရှိပါတယ်။ အဆိုပါပမာဏဟာ အခုဘဏ္ဍာနှစ် အောက်တိုဘာအထိ သွင်းကုန်စုစုပေါင်းပမာဏနဲ့ ယှဉ်ရင် ရာခိုင်နှုန်းအားဖြင့် ၂၉ ရာခိုင်နှုန်း ရှိနေတာပါ။

ပြီးခဲ့တဲ့၂၀၂၁-၂၂ မီနီဘတ်ဂျက် ကာလမှာတော့ လူသုံးကုန်ပစ္စည်းတင်သွင်းမှုက အမေရိကန်ဒေါ်လာ ၂၅၁၉ ဒသမ ၄၀၉ သန်း (၂ ဒသမ ၅ ဘီလီယံကျော်) ရှိခဲ့ပြီး သွင်းကုန်စုစုပေါင်းပမာဏရဲ့ ရာခိုင်နှုန်းအားဖြင့် ၃၁ ရာခိုင်နှုန်း ရှိခဲ့တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013