
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နဲ့ မြောက်ဒဂုံမြို့နယ်ကို ချိတ်ဆက်ထားတဲ့ သစ္စာတံတားပေါ်မှာ ဒီဇင်ဘာ ၃၀ ရက်ကနေ ဇန်နဝါရီ ၄ ရက်နေ့အထိ လုယက်ခံရသူ ၃ ဦးထက်မနည်း ရှိလာပြီး အလုပ်ပြန်လာချိန်မှာ ဖုန်း၊ ပိုက်ဆံအိတ် လုယက်ခံရတာတွေအပြင် လုယက်သူတွေရဲ့ အုပ်စုလိုက် ရိုက်နှက်ခံရတာတွေပါ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုယက်ခံရသူတဦးက “၃၀ ရက်နေ့ ည ၉ နာရီလောက်မှာ မြောက်ဒဂုံဘက်ကို စက်ဘီးစီးပြန်လာတာ၊ ဘေလီဘက်ကဆို ဝေးလို့ ဘုရားလမ်းအတိုင်း နင်းလာတာ။ တံတားပေါ် မီးတွေပြတ်နေတယ်။ ကုန်းအတက်နား အလယ်လောက်ရောက်တော့ လေးယောက်လောက်က ဆေးလိပ်ထိုင်သောက်နေတယ်။ အနားလည်းရောက်ရော ဘယ်နှစ်နာရီထိုးပြီလဲ မေးတယ်။ ပြီးတော့ အနောက်က ရိုက်ချခံလိုက်ရတာ အရှေ့ကို လဲကျသွားတော့ ချိန်းကြိုးနဲ့ ထပ်ရိုက်တယ်။ ဘက်ထရီစက်ဘီးနဲ့ ဖုန်း၊ ပိုက်ဆံ ၂၀,၀၀၀ ကျော် ပါသွားတယ်။ မနက်ကျမှ ချောင်းဘေးရောက်နေမှန်းသိတာ။ နဖူးကွဲသွားတယ်။ ရဲစခန်းသွားတိုင်တော့ တိုင်ချက်ပဲ လက်ခံထားတယ်၊ အခုထိ ဘာမှမထူးသေးဘူး” လို့ ပြောပါတယ်။
လုယက်သူတွေက ငမိုးရိပ်ချောင်းဘက်ကနေ စက်လှေနဲ့ တံတားနားကို ညနေတိုင်း ရောက်နေတာဖြစ်ပြီး လူ ၄ ဦးကနေ ၇ ဦးအထိ တံတားထိပ် နှစ်ဖက် လူခွဲစောင့်နေကြကာ ပစ္စည်းလုယက်ပြီးရင်လည်း ချောင်းထဲကို ပြန်ဆင်းပြေးသွားကြလို့ ဝိုင်းဝန်းဖမ်းဆီးဖို့ အခက်အခဲရှိတယ်လို့ မြောက်ဒဂုံမြို့နယ်က အရပ်ဘက်အဖွဲ့တခုက ဆိုပါတယ်။
ဒေသခံတဦးက “သစ္စာတံတားက ည ၈ နာရီကျော်ရင် လူပြတ်တယ်။ တံတားမီးလုံးတချို့ကိုလည်း အောက်ကနေ လေးခွနဲ့ ပစ်ခွဲထားကြတာ။ ပုံမှန်ဆို အဲ့ဒီအလယ်လောက်မှာ အုပ်စုလိုက် ထိုင်နေတာပဲ။ လူကြီး တယောက်နှစ်ယောက်ပဲ ပါမယ်။ ကျန်တာ လူငယ်လေးတွေ၊ မိန်းကလေးတယောက် ပါသေးတယ်။ ကျနော် အလုခံရတုန်းကဆို ပစ္စည်းပို့ခတွေနဲ့ ငွေသိမ်းပိုက်ဆံတွေပါတယ်။ သူတို့ဆွဲလုနေတုန်း အနောက်ကနေ တက္ကစီတစီးက မီးကြီးဖွင့်ပြီး ဟွန်းအဆက်မပြတ်တီးလို့ လွတ်လာတာ” လို့ ပြောပါတယ်။
ဇန်နဝါရီ ၂ ရက် ညနေပိုင်းက အဆိုပါ သစ္စာတံတားပေါ်မှာ ဈေးရောင်းပြန်လာသူတဦးရဲ့ ပိုက်ဆံအိတ်ကို လုယက်တာအပြင် လက်ကိုပါ ရိုက်နှက်ခဲ့လို့ လက်ကောက်ဝတ်ကျိုးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး မြောက်ဒဂုံမြို့နယ်ထဲက တံတား ၆ စင်းအနက် သစ္စာတံတားနဲ့ ကြိုးတံတားမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏ လုယက်ခံနေရတယ်လို့ သိရပါတယ်။
အဆိုပါ လုယက်ခံရမှုတွေနဲ့ပတ်သက်ပြီး တောင်ဥက္ကလာပရဲစခန်းနဲ့ မြောက်ဒဂုံရဲစခန်းကို ဖုန်းဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။