DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီရောင်းချမည့် ဆင်ဖြူတိရစ္ဆာန်ပုံ ရွှေဒင်္ဂါးကို ရွှေလုပ်ငန်းရှင်များ စိတ်မဝင်စား
DVB
·
January 5, 2023
စစ်ကောင်စီရောင်းချမည့် ဆင်ဖြူတိရစ္ဆာန်ပုံ ရွှေဒင်္ဂါးကို ရွှေလုပ်ငန်းရှင်များ စိတ်မဝင်စား
Donate to DVB

စစ်ကောင်စီက ဆင်ဖြူတိရစ္ဆာန်ပုံနဲ့ သွန်းလုပ်ရောင်းချမယ့် ရွှေဒင်္ဂါးကို ဝယ်ယူဖို့ ရွှေလုပ်ငန်းရှင်တွေက စိတ်ဝင်စားမှု မရှိတဲ့အကြောင်း ရွှေဝယ်ရောင်းလုပ်ကိုင်သူ လုပ်ငန်းရှင်တွေက ပြောပါတယ်။

၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေနဲ့ တကျပ်သားရွှေဒင်္ဂါးနဲ့ ငါးမူးသားရွှေဒင်္ဂါးတွေကို ဆင်ဖြူပုံနဲ့ အသစ်သွန်းလောင်း ထုတ်ဝေသွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

အသစ်သွန်းလောင်းမယ့် တကျပ်သားရွှေဒင်္ဂါးဟာ အချင်း ၂၆ ဒသမ ၀ မီလီမီတာနဲ့ အထူက ၂ ဒသမ ၀ မီလီမီတာရှိပြီး ဒင်္ဂါးရဲ့ ရှေ့မျက်နှာပြင် အလယ်ဗဟိုမှာ ဆင်ဖြူပုံသွန်းလုပ်ကာ ယာဘက်နေရာမှာ ၇၅ နှစ်မြောက်လို့ ပါရှိမှာ ဖြစ်ပါတယ်။

ဆင်ဖြူတော်ရဲ့အောက်ခြေမှာ ၁ ကျပ်သား ၂၀၂၃ လို့ ရေးထားပြီး ရွှေဒင်္ဂါးရဲ့ အနားပတ်လည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ ဆိုပြီး ဒီဇိုင်းထုတ်လုပ်ထားပါတယ်။

တခါ ရွှေဒင်္ဂါးရဲ့ကျောဘက်မှာ ဆင်ဖြူပုံပါရှိပြီး  အင်္ဂလိပ်ဘာသာနဲ့ ယာဘက်နေရာမှာ “75th” နဲ့အတူ အောက်ဘက်မှာ “16.329 gm. 2023” လို့ ရေးထားပြီး ရွှေဒင်္ဂါး အနားပတ်လည်မှာ “Central Bank of Myanmar” “75th Diamond Jubilee Independence Day” လို့ ပါရှိမှာ ဖြစ်ပါတယ်။

ငါးမူးသားရွှေဒင်္ဂါးကတော့ အချင်း ၂၂ ဒသမ ၀ မီလီမီတာနဲ့ အထူက ၁ ဒသမ ၅ မီလီမီတာ ရှိပြီး ဒီနေ့ ဇန်နဝါရီ ၅ ရက်က စတင်ကာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းအောက်ရှိ အရောင်းဆိုင်တွေကတဆင့် ရောင်းချပေးသွားမှာပါ။

ဒါပေမဲ့ စစ်ကောင်စီကရောင်းချတဲ့ ရွှေဒင်္ဂါးတွေကို ရွှေကုန်သည်တွေက စိတ်ဝင်စားမှု မရှိတာကြောင့် ဝယ်မယ့်သူ မရှိလောက်ဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဝါရင့်ရွှေကုန်သည်တဦးက “ရွှေသမားတွေကတော့ ဝယ်ကြမယ်လို့ မမြင်ဘူး။ ဘာလို့လဲဆိုတော့  နိုင်ငံတော်ကရောင်းတဲ့ ရွှေဒင်္ဂါးက ၁ ကျပ်သားကို ၁၆ ဒသမ ၃၂၉၃ ဂရမ် နဲ့ ရောင်းတာလေ။ ဒါပေမဲ့ ဈေးကွက်ထဲမှာက ၁၆ ဒသမ ၆၀၆၆ ဂရမ်နဲ့ အရောင်းအဝယ် လုပ်ကြတာ။ အဲ့တော့ ၁ ကျပ်သားမှာ ၂ ရွေးလောက် အချိန်အတွယ်က ကွာနေတယ်။ ဒီကနေ့ ဈေးနဲ့တွက်ရင် ၁ ရွေးကို နှစ်သောင်းဝန်းကျင်ဆိုတော့ ၂ ရွေးအတွက်က လေးသောင်း ဝန်းကျင် ဟနေတာပေါ့။ ဈေးကွက်ထဲမှာ ဒီကနေ့ အရောင်းအဝယ်ဖြစ်နေတဲ့ အခေါက်ရွှေဈေးက ၁ ကျပ်သားကို ၂၇ သိန်း ၃ သောင်းစွန်းစွန်း ရှိတယ်။ သူတို့ကလည်း ၂၆ သိန်း ၉ သောင်းလောက်နဲ့ ဈေးဖွင့်တယ်ပဲ ဆိုပါတော့။ ဒီတော့ သူတို့ရောင်းတဲ့ဈေးက ဈေးကွက်ပေါက်ဈေးထက် ကျပ် သုံးသောင်း၊ လေးသောင်း လောက်တော့ နည်းရင်နည်းမယ်။ ဒါပေမဲ့ ဘာရှိလဲဆိုရင် တန်းစီရတာနဲ့ ဘာနဲ့ဆိုတော့ အလုပ်ရှုပ်တယ်။ အဲ့ဒါကြောင့် ရွှေသမားတွေက သွားမဝယ်ကြဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအစိုးရ (NLD) လက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံနဲ့ သွန်းလုပ်ခဲ့တဲ့ ငါးမူးသား အလေးချိန်ရှိ ရွှေဒင်္ဂါးတွေကို ပြည်သူတွေက အားပေးဝယ်ယူခဲ့ကြတဲ့အတွက် လက်ကျန်လျော့နည်းသွားခဲ့ရလို့ အသစ်ထပ်မံ သွန်းလုပ်ထုတ်ဝေသွားမယ့်အကြောင်း ဗဟိုဘဏ်က ကြေညာခဲ့ရပါတယ်။

လက်ရှိမှာလည်း ပြည်တွင်းရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးကြောင့် အနည်းငယ် ပြောင်းလဲခဲ့ရပြီး အရောင်းအဝယ်က အေးနေပါတယ်။

ရန်ကုန်အခြေစိုက် ရွှေဝယ်ရောင်းသမားတဦးက “ဝယ်ရောင်းသမားတွေကတော့ ဒီကာလမှာ အရောင်းအဝယ် သိပ်မလုပ်ကြဘူး။ ဒါကလည်း ဒီရာသီဆိုရင် ပုံမှန်ဖြစ်နေကြပါ။ တကယ်လိုတဲ့သူ ဆိုင်သမားတွေပဲ ဝယ်ရောင်းလုပ်ကြတာ။ ရွှေဈေးက ကမ္ဘာ့ရွှေဈေး တက်လို့သာ ဒီမှာလည်း ရွှေဈေးက အနည်းငယ် အပြောင်းအလဲ ရှိသွားတာ။ ဒီအချိန်မှာ နှစ်စဉ် ရွှေဈေးက ငြိမ်တာများတယ်။ ငြိမ်တာများတဲ့အတွက်ကြောင့် ဝယ်ရောင်းသမားက ဒီအချိန်မှာ ရွှေကို ရင်းနှီးတာထက်စာရင် တခြားဟာတွေကို ရင်းနှီးကြတာများတယ်။ ဥပမာ ပဲတို့ နှမ်းတို့ ဘာတို့ပေါ့နော်။ တချို့ဆိုရင် ဒီရာသီမှာ အဲ့ဒါတွေကို ဝယ်လှောင်ထားလိုက်ကြတယ်။ မိုးဦးကျအချိန်ဆိုရင် ဒါတွေက ဈေးတက်ကြပြီလေ။ အဲ့ဒါကြောင့် အဲဒီဘက်ကို ပြောင်းပြီး ရင်းနှီးကြတာများတယ်။ မိုးနှောင်းလောက် ရောက်တဲ့အခါ ခုန ကုန်သည်တွေက လှောင်ထားတဲ့ဟာတွေကို ထုတ်ရောင်းပြီး ရွှေဘက် ပြန်လှည့်ကြတယ်။ အဲ့အချိန်ဆိုရင် ရွှေဈေးက ပြန်တက်လာလေ့ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဒီကနေ့ ဇန်နဝါရီ ၅ ရက် နေ့လယ် ၂ နာရီခွဲ ထုတ်ပြန်ချက်အရ ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁,၈၅၀ ရှိပြီး ရန်ကုန်တိုင်းရဲ့ ရည်ညွှန်းရွှေဈေးနှုန်းက အကယ်ဒမီ (မီးလင်း) ၁ ကျပ်သားကို ၂,၁၇၉,၅၀၀ ကျပ် ရှိပါတယ်။ ဒါပေမဲ့ အမှန်တကယ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းက ၁ ကျပ်သား ကို ၂,၇၃၃,၀၀၀ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013