DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ တပ်မဟာ ၆ ခရိုင်ရုံးကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်
DVB
·
January 5, 2023
ကေအန်ယူ တပ်မဟာ ၆ ခရိုင်ရုံးကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၆ ဒူးပလာယာခရိုင်ရုံးကို စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၂ စင်းနဲ့ ဇန်နဝါရီ ၅ ရက် ဒီနေ့မနက် ၁၁ နာရီက လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ်စတန်က ဒီဗွီဘီကို ပြောပါတယ်။

“ဟတ်စကီးနဲ့ ၂ ကျော့လာတယ်။ ဟဟ်စကီးနဲ့ ခရိုင်ရုံးကို လာပစ်တာ။ ၁၁ နာရီဝန်းကျင်မှာ။ အဲဒီတွေ့လိုက်တာက ပစ်လိုက်တာကတော့ တစီးပဲ။ နောက်တစီး ထပ်တက်လာတာ ကြားတယ်။ ဒါပေမဲ့ ပစ်တာခတ်တာမတွေ့ဘူး။ လာပစ်သွားတာကတော့ နှစ်ပတ်သုံးပတ်လောက် ကျော်ပြီးတော့ ပစ်သွားတယ်။ သူက ဟတ်စကီးနဲ့ကျတော့ ဗုံးပါမကဘူး၊ စက်သေနတ်နဲ့ပါ ဆွဲပစ်သွားတာ။ အဲလိုပစ်သွားတော့ ဒီကအိမ်တွေ အိမ်ခေါင်မိုးတွေ ပေါက်တယ်ပေါ့နော်။ ဗုံးကျတော့ အိမ်သာနံရံတွေထိတယ်။ ရေပိုက်တွေ ပေါက်တယ်။ အဲလိုအနေအထားမျိုးတွေ။ နောက် ဝါးရုံတွေကျိုးတယ်။ သစ်ကိုင်းတွေ ကျတယ်ပေါ့။ အဆောက်အဦတည့်တည့်ပဲ မထိဘူး။ ကြည့်ရတာ အဆောက်အဦက လေယာဉ်လာပြီဆိုရင် ဒီမှာ သတိပေးထားတာက လာပြီဆိုရင် အဆောက်အဦမှာ မနေကြနဲ့ ပြောထားတော့ သူတို့လည်း အဲဒါတွေးမယ်ထင်တယ်။ ဒါကြောင့် သူက သစ်တောရုံတွေကိုပဲ ပစ်တာ။ လူတွေ အဲဒီမှာပဲ ခိုမယ်လို့ ယူဆလားမသိဘူး။ အဲဒီမှာလိုက်ပစ်တာ။”

လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦတချို့ ထိမှန်တာလွဲပြီး လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း ပဒိုစောလစ်စတန်က ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ ကေအန်ယူ တပ်မဟာ ၆ ခရိုင်ရုံးကို တိုက်ပွဲတွေမဖြစ်ခင်က  စစ်ကောင်စီတပ်က အရာရှိတွေ လာရောက်ခဲ့ဖူးတယ်လို့လည်း ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် စစ်ဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တွေကို KNLA တပ်မဟာ ၆ နဲ့ PDF ပူးပေါင်းတပ်တွေ ဇန်နဝါရီ ၄ ရက် မနေ့မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း တပ်ရင်းတွေအတွင်းမှာရှိတဲ့ ရဲမေနဲ့ မိသားစုဝင်တချို့ ထိခိုက်သေဆုံးမှု ရှိသလို သွားရောက်တိုက်ခိုက်တဲ့ အဖွဲ့တွေဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပေမဲ့ စာရင်းအတိအကျ မသိရသေးဘူးလို့လည်း ပဒိုစောလစ်စတန်က ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံ အခြေချစစ်ဗျူဟာနဲ့ တပ်ရင်းဌာနချုပ်တွေနဲ့ ဖာပွန်မြို့နယ်ရှိ မဲဝိုင် တပ်မတော်ရှေ့တန်းလုံခြုံရေးစခန်းတို့ကို KNLA တပ်မဟာ ၆ နဲ့ PDF ပူးပေါင်းတပ်တွေက မနေ့မနက်က တိုက်ခိုက်ခဲ့လို့ အရာရှိ၊ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။

အလစ်အငိုက် တိုက်ခိုက်ခဲ့ပေမဲ့ သတင်းကြိုရလို့ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူတွေက ကြံ့ကြံ့ခံ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အရေးကြီး အဓိကအဆောက်အဦတွေ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦနဲ့ လူနေအဆောက်အဦတွေအနီး ဝင်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ တပ်ခြံစည်းရုံးနား လူနေထိုင်ခြင်းမရှိတဲ့ စွန့်လွှတ်အဆောက်အဦတချို့ကိုသာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ခိုက်သူတွေ အကျအဆုံးများလို့ ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေးသွားခဲ့တယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ထားပါတယ်။

တပ်မတော်ရဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ နောက်ထပ်တနှစ် ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်းလည်း ဒီဇင်ဘာ ၃၁ ရက်မှာ စစ်ကောင်စီက ကြေညာထားပါတယ်။

ဒီလိုကြေညာခဲ့ပေမဲ့ တိုင်းရင်းသားဒေသအသီးသီးမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ‌တော့ စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရလို့ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ဒီအပေါ် ကေအန်ယူ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ်စတန်က “စစ်မတိုက်ချင်ဘူးဆိုတာ ရုပ်ပြ အသံလောက်နဲ့ ပြောပေးပြီးတော့ အချိန်ဆွဲ ပြင်ဆင်မှု ပြည့်ခါမှ ပြန်တိုက်မယ်။ စားပွဲဝိုင်း စကားပြောမှုကို အသုံးချမယ်၊ အချိန်ဆွဲမယ်၊ ပြီးတော့ ပြင်ဆင်မှုကိုလုပ်မယ်။ ပြီးတော့ ပြန်ဆင်မှုပြီးတာနဲ့ ပြန်တိုက်မယ်ဆိုတဲ့ အရေးက တောက်လျှောက် သံသရာလည်နေတာ ဖြစ်တဲ့အတွက် အဲလိုမျိုး သံသရာဘောင်ကနေ လွတ်စေချင်တယ်။ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တကယ့်စားပွဲဝိုင်းမှာ တကယ့်အမှန်တကယ် စေတနာအမှန်နဲ့ တန်းတူညီတူ ဆွေးနွေးပြီးတော့ ပြောဆိုစေချင်တာကိုတော့ အပေါ်မှာ သေချာလုပ်စေချင်ပါတယ်” လို့‌ ပြောပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ လွန်ခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့ကျေးရွာသူရွာသားတွေ တိုက်ပွဲကြား ပိတ်မိနေကာ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013