DVB Logo
Home
မြန်မာသတင်း
အေအေနှင့် စစ်ကောင်စီ စစ်သုံ့ပန်းလဲ၊ လွတ်လပ်ရေးနေ့ ပြန်လွှတ်ပေးသည့်အထဲ ရခိုင်နိုင်ငံရေးအကျဉ်းသား တဦးမျှမပါ
DVB
·
January 5, 2023
အေအေနှင့် စစ်ကောင်စီ စစ်သုံ့ပန်းလဲ၊ လွတ်လပ်ရေးနေ့ ပြန်လွှတ်ပေးသည့်အထဲ ရခိုင်နိုင်ငံရေးအကျဉ်းသား တဦးမျှမပါ
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ် အကြား ဇန်နဝါရီ ၃ ရက်နေ့က ဒုတိယအကြိမ်မြောက် စစ်သုံ့ပန်းလဲလှယ်ခဲ့တယ်လို့ ရခိုင်စစ်ရေးလေ့လာသူတွေဆီက သိရပါတယ်။

“အခု ဒုတိယအကြိမ်မှာ ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနဲ့ ကွမ်းတောင်ကြားမှာ နှစ်ဖက်တပ်အင်အား ၂၀ ခန့်စီ တွေ့ဆုံပြီး လဲလှယ်ခဲ့ကြတယ်လို့ သိရတယ်ဗျ။ တဖက်က စစ်သုံ့ပန်း ဘယ်လောက်စီ လဲလှယ်ခဲ့ကြလဲတော့ အတိအကျ မသိရသေးဘူး။ နှစ်ဖက်လုံးက ထုတ်ပြန်လာမှာပါ။ အေအေဘက်က ဗိုလ်အဆင့်တဦးပါတယ်လို့တော့ သိရတယ်” လို့ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

အေအေနဲ့ စစ်ကောင်စီတို့ ပထမအကြိမ် စစ်သုံ့ပန်းလဲလှယ်မှုကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ အတွင်းက ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ကျေးရွာနဲ့ ဒီပါရုံကျေးရွာကြားမှာ ပြုလုပ်ခဲ့ပြီး စစ်သားနဲ့ ရဲ သုံ့ပန်း ၁၅ ဦးကို လွှတ်ပေးခဲ့ကြောင်း အေအေဘက်က တရားဝင် ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်ရပ်လိုက်ပြီးနောက် မတရားအသင်းဆက်သွယ်မှု ၁၇ (၁)/(၂) နဲ့ အမှုဖွင့်ခံထားရသူ ဒေသခံတချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ တခြားမြို့နယ်တွေမှာတော့ တရားစွဲတင် ထောင်ချတာတွေ ရှိနေတယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသူတဦးက ပြောပါတယ်။

“စစ်ကောင်စီက စစ်ကစားနေတာဗျ။ အေအေကို ထောက်ပံ့တယ်၊ ဆက်သွယ်တယ်ဆိုပြီး ဖမ်းထားတဲ့သူတချို့ကို ဒေသတချို့မှာ လွှတ်ပေးမှုပြထားတယ်။ နောက်ဒေသတချို့မှာ တရားစွဲတင်ပြီး ထောင်ချနေတယ်။ လွတ်ငြိမ်းချမ်းသာမှာလည်း အေအေနဲ့ပတ်သက်တဲ့သူ တယောက်မှမလွတ်ဘူး။ ဖမ်းဝရမ်းထုတ်ထားတာတွေကြောင့် ထွက်ပြေးနေကြရတာ တွေတောင် ရှိနေတယ်။”

ဇန်နဝါရီ ၄ ရက်နေ့ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက နိုင်ငံတဝန်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ အကျဉ်းသူ၊ အကျဉ်းသား ၇,၀၁၂ ဦးထဲ ရခိုင်က အကျဥ်းသား ၃၀၇ ဦး လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေးအကျဉ်းသား တဦးမှမပါဝင်ဘူးလို့ သိရပါတယ်။

ရခိုင်လူ့အခွင့်အ​ရေးမြှင့်တင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းအသင်းမှ ဦးမြတ်ထွန်းက “အခု ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်မှာ ရခိုင်အကျဥ်းထောင် ၄ ခုက ၃၀၇ ဦး လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့ နိုင်ငံရေးအကျဥ်းသားတဦးမှ ပါမလာဘူးဗျ။ ရခိုင်ပြည်နယ်မှာ ထောင်ချခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ၆၀ ဦးအထိ ရှိနေ​တယ်။ PDF နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ထောင်ကျနေတာ ၂၅ ဦးထိရှိတယ်။ ချင်းပြည်နယ်၊ ပလက်ဝက ၂၄ ဦးနဲ့ ​မြောက်ဦးက ကဗျာဆရာတဦး ပါတယ်။ ကျန်တာတွေက အေအေနဲ့ ပတ်သက်ပြီး ထောင်ကျနေကြတာ” လို့ ပြောပါတယ်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဘူးသီးတောင် အကျဥ်းထောင်တွေက လွတ်ရက်စေ့ခါနီး အကျဉ်းသား စုစုပေါင်း ၃၀၇ ဦး  ပြန်လွှတ်ပေးခဲ့ရာမှာ တပ်ပြေး၊ ရဲပြေး၊ ခိုးမှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးမှု၊ လောင်းကစားမှုနဲ့ လ.ဝ.က ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားသူတွေသာ ပါတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းများအသင်းက သိရပါတယ်။

အဲဒီလိုလွှတ်ပေးရာမှာ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်နဲ့ ဆက်သွယ်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံထားရသူတွေနဲ့ ရခိုင်ပြည်နယ်အတွင်း PDF အဖြစ် စွပ်စွဲခံရပြီး ထောင်ချခံထားရသူ အယောက် ၆၀ ထဲက တဦးတယောက်မှ မပါဝင်ဘူးလို့ နိုင်ငံရေးအကျဉ်းသား အသိုက်အဝန်းက သိရပါတယ်။

မြောက်ဦးမြို့မှ PDF လို့ စွပ်စွဲခံရပြီး စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံထားခဲ့ရတဲ့ ကဗျာဆရာ ကိုအောင်နိုင့်မြင့် (ခ) မင်းဒီပါရဲ့ အမဖြစ်သူ မနန်းစိုးက “လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ကျမမောင်လေး ပါမလားဆိုပြီး မျှော်လင့်ချက်နဲ့ လာရောက်စောင့်မျှော်နေတာပါ။ လွတ်ငြိမ်းချမ်းသာခွင့်တွေ တခါလာလည်း လွတ်လာမလား ဆိုပြီး မျှော်နေရတာပါ။ စစ်ကောင်စီက သူတို့နာမည်ရရှိဖို့ ဟန်ပြလုပ်နေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်သာ ဖြစ်တယ်။ အမဖြစ်သူအနေနဲ့ လွတ်လာတဲ့ မိသားစုတွေကိုကြည့်ပြီး ဝမ်းနည်းနေရပါတယ်။ ကျမတို့မှာတော့ မျက်ရည်နဲ့မျက်ခွက်ပါ” လို့ ပြောပါတယ်။

ကဗျာဆရာ အောင်နိုင်မြင့် (ခ) မင်းဒီပါကို ၂၀၂၂ ခုနှစ် ဧပြီလက ပုဒ်မ ၅၀(ည) နဲ့  ထောင်ဒဏ်ချမှတ်ခဲ့တဲ့နေ့ကစပြီး ထောင်ဝင်စာတွေ့ခွင့် မရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီက စစ်တွေအကျဥ်းထောင်မှ ၄၈ ဦး၊ ကျောက်ဖြူအကျဥ်းထောင်မှ ၂၄ ဦး၊ သံတွဲအကျဥ်းထောင်မှ ၂၀၆ ဦး၊ ဘူးသီးတောင်အကျဥ်းထောင်မှ ၂၉ ဦး၊ စုစုပေါင်း ၃၀၇ ဦး လွှတ်ပေးကြောင်း ပြည်နယ်အကျဥ်းဦးစီးဌာန တရားဝင်စာရင်းတေွအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013