
စစ်ကိုင်းတိုင်း၊ ကနီမြို့နဲ့ ဒီပဲယင်းမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တို့ ဇန်နဝါရီ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
ကနီမြို့နယ်မှာ ဇန်နဝါရီ ၄ ရက် ညနေ ၅ နာရီကနေ ၆ နာရီအထိ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“ဒီနေ့လည်း ချင်းတွင်းမြစ်ထဲက စစ်(-) တွေနဲ့ဖြစ်တာဗျ။ ဖြစ်တဲ့နေရာက ညောင်ပင်ဝန်းကျေးရွာအနီးမှာ ဖြစ်တာ။ သူတို့က ကင်းထောက်ဖို့ရာ စစ် (-) ၈ ယောက်လောက်နဲ့ စက်လှေတစီးနဲ့ အထက်ဆန်တက်လာတာကို ကျနော်တို့က ပစ်ခတ်ခဲ့တာဗျ။ စက်လှေနောက်ထပ် တစီးထပ်ရတယ်။ စက်လှေပေါ်က စစ် (-) အလောင်းတလောင်းရယ်၊ စစ်ဦးထုပ်၊ ကျောပိုးအိတ်နဲ့ စာရွတ်စာတမ်းတွေ ရတယ်ဗျ။ စစ်လှေကတော့ မီးရှို့ပစ်ထားခဲ့တယ်” လို့ ကနီကျောက်လုံးကြီး တပ်မဟာအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါတိုက်ပွဲကို ကျောက်လုံးကြီးတပ်မဟာအဖွဲ့၊ ဆရာစံအဖွဲ့နဲ DRPA အဖွဲ့တို့ ပူပေါင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အလားတူ ဒီပဲယင်းမြို့နယ်၊ ဟံလင်းမြို့ဟောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဇန်နဝါရီ ၄ ရက်ည ၈ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံခေါင်းဆောင်တွေက ပြောပါတယ်။
“ကျနော်တို့ အဖွဲ့ပေါင်းစုံပေါင်းပြီး ပစ်ခတ်ခဲ့တယ်။ ကျနော်တို့အဖွဲ့ကတော့ ၁၂၀ မမ ၅ လုံးနဲ့ အရင်ပစ်တယ်။ နောက်တော့ လက်နက်ငယ်တွေနဲ့ထပ်ပစ်တယ်ဗျ။ (-) အသေက အတိကျမသိရဘူး။ ကျနော်တို့ မဟာမိတ်အဖွဲထဲက လက်နက်ကြီးပြောင်းကွဲပြီး ရဲဘော်တဦးတော့ ကျဆုံးခဲ့တယ်” လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း အခုလို နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတာကြောင့် ဒေသခံ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စားဝတ်နေရေးအတွက် လုပ်ငန်းလုပ်ကိုင်နိုင်မှု မရှိတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။