DVB Logo
Home
မြန်မာသတင်း
ကေအိုင်အို ယာယီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် တာဝန်ယူ
DVB
·
January 4, 2023
ကေအိုင်အို ယာယီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် တာဝန်ယူ
Donate to DVB

ကေအိုင်အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်ကို ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးလိုက်ကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ဇန်နဝါရီ ၂ ရက်မှာ ကချင်ဘာသာနဲ့  အမိန့်ပြန်တမ်းစာ ထုတ်ပြန်လိုက်ပါတယ်။

ဒီလို လွှဲပြောင်းတာဟာ ယာယီဖြစ်ပြီး လက်ရှိ ကေအိုင်အိုခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ ကျန်းမာရေးကြောင့် ဖြစ်တယ်လို့လည်း ကေအိုင်အိုနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ကေအိုင်အိုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ကေအိုင်အေတပ်ချုပ်ကြီးလည်းဖြစ် ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ) ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှာ အသက် ၈၀ ပြည့်တော့မှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်က ကေအိုင်အိုဥက္ကဋ္ဌ ဦးဇောင်းဟရားရဲ့ ကျန်းမာရေး အခြေအနေကြောင့် ဗိုလ်ချုပ်ကြီး အင်ဘန်လကို ဥက္ကဋ္ဌအဖြစ် အပြောင်းအလဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ယာယီဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဂမ်ရှောင်ဟာ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ရဲ့ စစ်ဦးစီးချုပ်တာဝန် ယူခဲ့သူလည်း ဖြစ်ပါတယ်။

“ခေါင်းဆောင်ပိုင်းက ယာယီအပြောင်းအလဲ ရှိပေမဲ့ ကေအိုင်အိုရဲ့ မူဝါဒကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ စစ်ရေးမူဝါဒဘက်ကတော့ စစ်ရေးဖော်ဆောင်မှုနဲ့ ပတ်သက်ပြီး အပြောင်းအလဲ ရှိလာနိုင်တယ်လို့ ခန့်မှန်းနေကြတယ်” လို့ ကေအိုင်အိုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွမ်းကို စစ်ဦးစီးချုပ်တာဝန် ပေးအပ်လိုက်တယ် လို့လည်း ကေအိုင်အေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီလို ကေအိုင်အို/ကေအိုင်အေ ထိပ်ပိုင်းရာထူး အပြောင်းအလဲနဲ့ ပတ်သက်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကချင်လွတ်မြောက်ရေးကောင်စီ (ကေအိုင်စီ) ရဲ့ ကချင်ဘာသာနဲ့ ဇန်နဝါရီ ၂ ရက်က ထုတ်ပြန်တဲ့ အမိန့်ပြန်တမ်းစာအရ ဗဟိုကော်မတီဝင်နဲ့ တိုင်းအဆင့် အုပ်ချုပ်ရေး အကြီးအကဲနေရာ တချို့ကိုလည်း တာဝန်အပြောင်းအလဲ ပြုလုပ်ထားတာ တွေ့ရပါတယ်။

အခုလို ရာထူးအပြောင်းအလဲတွေဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်တယ်လို့ ကေအိုင်အေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

ကချင်တော်လှန်ရေးအဖွဲ့ ဦးဆောင်အဖွဲ့ဖြစ်တဲ့ ကေအိုင်အိုကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလက စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၁ ဖေဖော်ဝါရီလမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013