
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်အကျဥ်းထောင်ကနေ ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်းက နိုင်ငံရေးအကျဥ်းသားနဲ့ အကျဥ်းသူ စုစုပေါင်း အယောက် ၄၀ ကျော် အပါအဝင် အကျဉ်သား ၉၀ လောက် ပြန်လွတ်လာတယ်လို့ ထားဝယ် နိုင်/ကျဥ်းဟောင်းတွေထံကနေ သိရပါတယ်။
၇၅ နှစ်ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ထားဝယ်အကျဥ်းထောင်ကနေ အကျဥ်းသား အကျဥ်းသူ စုစုပေါင်း ၉၀ ခန့် လွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဥ်းသား ၃၄ ဦးနဲ့ နိုင်ငံရေးအကျဥ်းသူ ၁၂ ဦး ပါဝင်တာပါ။
အခုပြန်လွတ်လာတဲ့ နိုင်/ကျဥ်းအများစုဟာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) တခုတည်းနဲ့ ထောင်ဒဏ်ချမှတ်ခံထားရပြီး ပြစ်ဒဏ်တဝက်လောက် ကျခံခဲ့ပြီးသူတွေ ဖြစ်ပါတယ်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) အပါအဝင် တခြားအမှုတွေနဲ့ပါ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ တခြား နိုင်/ကျဥ်းတချို့ကတော့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတပုံ လွတ်ငြိမ်းချမ်းသာခွင့်ရရှိကြပြီး အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ချခံထားရသူတွေတော့ မပါဘူးလို့ ထားဝယ်အကျဥ်းထောင်က နိုင်/ကျဥ်းတွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
ဒီကနေ့ ပြန်လွတ်လာတဲ့သူတွေထဲမှာ ထားဝယ်တပ်ပေါင်းစုသပိတ်ကော်မတီဝင် ကိုထူးမြတ်လွင်၊ 7 Day News သတင်းထောက်ဟောင်း ကိုစိုင်းကိုကိုထွန်းနဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ထားဝယ်မြို့ မြို့တွင်းလမ်းက နေအိမ်တခုမှာ ဖမ်းဆီးခံခဲ့ရသူ ၈ ဦးလည်း ပါဝင်ပါတယ်။
ထားဝယ်အကျဥ်းထောင်က နိုင်/ကျဥ်းအများစုဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတွေဖြစ်တဲ့ ၅၀(ည)၊ ၅၂(က)၊ ပုဒ်မ ၅၄ တို့နဲ့ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရသူတွေပါ။
ထားဝယ်ခရိုင်ထဲမှာ စစ်အာဏာသိမ်းကာလအတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် အဖမ်းခံခဲ့ရသူတွေနဲ့ စွပ်စွဲဖမ်းဆီးခံခဲ့ရသူဦးရေ ၆၅၀ ခန့်ရှိပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲမှာ စုစုပေါင်း နိုင်/ကျဥ်း အယောက် ၁၄၀ ခန့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထားဝယ်အကျဥ်းထောင်ကနေ ပြန်လွတ်လာခဲ့တဲ့အပြင် လွတ်ရက်စေ့လို့ ပြန်လွတ်လာသူတွေလည်း ရှိပါတယ်။
ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေထဲမှာ ထောင်ဒဏ်တသက်အထိ အမြင့်ဆုံးချမှတ်ခံထားရသူ ၂ ဦးရှိပြီး တတိယအမြင့်ဆုံးကတော့ ထောင်ဒဏ် ၄၈ နှစ်အထိ ချမှတ်ခံထားရတဲ့ ကိုရာဇာထွန်း ဖြစ်ပါတယ်။
ဓာတ်ပုံ - ဇန်နဝါရီ ၄ ရက်နေ့ မနက်ပိုင်း ထားဝယ်အကျဥ်းထောင်အနီး