DVB Logo
Home
မြန်မာသတင်း
ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဒေသခံနေအိမ်များကို မီးရှို့
DVB
·
January 4, 2023
ပုလောမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဒေသခံနေအိမ်များကို မီးရှို့
Donate to DVB

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုရွာနဲ့ ဇရပ်ဆိပ်ရွာတို့ရှိ ပြည်သူ့နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၃ ရက်က ပုလောမြို့ကနေ ပလဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အဆိုပါကျေးရွာ နှစ်ရွာရှိ နေအိမ်တွေကို နောက်တကြိမ် လာရောက်မီးရှို့ခဲ့တာလို့ မြိတ်ခရိုင် တပ်ရင်း-၁ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မနက်က ဒီကောင်တွေ စစ်ကြောင်းထိုးလာတာ။ မနက် ၇ လောက်ဆို စပစ်နေပြီ။ စစ်ကြောင်းထိုးပြီး ပြန်ဆုတ်ချိန်မှာ ရွာကအိမ်တွေ မီးရှို့သွားတာ။ တပိုရွာက နေအိမ် ၃ လုံးနဲ့ ဇရပ်ဆိပ်က နေအိမ် ၃ လုံး မီးရှို့သွားတာ။ ပျူတွေ လက်ညှိုးထိုးလိုက်တဲ့အိမ် မီးရှို့သွားတာ။ ကိုယ်ပိုင်အိမ်နဲ့ နေဖူးသူတွေမဟုတ်တော့ အိမ်တန်ဖိုး နားမလည်ကြတာလေ။”

ဒေသခံတဦးက “ကျနော်တို့ အရမ်းခံစားရတယ်။ စစ်ကျွန်လက်အောက် ရောက်နေသရွေ့ ဒီဒဏ်တွေကို ကျနော်တို့ပြည်သူတွေ ခံရဦးမှာပဲ။ ရွာသား‌တွေလည်း ရွာမှာမနေရဲကြ‌တော့ဘူး၊ အရင်တခါ တိုက်ပွဲဖြစ်ပြီးကတည်းက ရွာမှာ မနေရဲကြတော့ဘူးလေ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်ကလည်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အယောက် ၅၀ ထက်မနည်း သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၁ ဦး ဒဏ်ရာရရှိကြောင်း သိရပါတယ်။

နှစ်ရက်ဆက်တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်က ကျေးရွာ ၃ ရွာရှိ နေအိမ်အလုံး ၆၀ ကျော်လောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၁,ဝဝဝ ကျော် ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ပုလောမြို့နယ်ရှိ ကျေးရွာတချို့အနီးမှာ စစ်ကောင်စီယာဉ်တန်းကို ဇန်နဝါရီ ၁ ရက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့နယ် ကဒဲကျေးရွာအနီး ပုလောကနေ မြိတ်ကိုဆင်းလာတဲ့ စစ်ကောင်စီ ဆီဘောက်ဆာကားတစီးနဲ့ စစ်ကား ၃ စီးပါ ယာဉ်တန်းကို မနက် ၁၁ နာရီလောက်ကတကြိမ်၊ နန်းပရုပ်ကျေးရွာအနီးမှာ ပုလောကနေ ထားဝယ်ကိုတက်လာတဲ့ စစ်ကား ၁၁ စီးကို နေ့လယ် ၁ နာရီမှာတကြိမ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နီးစပ်ရာ ဒေသခံတွေဆီက သိရပါတယ်။

ကဒဲတိုက်ပွဲမှာပါတဲ့ PDF ရဲဘော်တဦးက “စစ်ကောင်စီဘက်က စစ်ကားတွေက ၁၀ နာရီလောက်မှာ ကဒဲဘက်ကို ကင်းထိုးလာတာ။ ကင်းထိုးပြီး မကြာဘူး စစ်ကားတွေ ဖြတ်တာပဲ။ အဲဒီမှာ မိုင်းစခွဲတာ။ ကားတစီးပျက်တယ်။ ထိခိုက်သေတာရှိတယ်။ နောက်ပြီး ကင်းထိုးတဲ့အဖွဲ့နဲ့ ဆက်ပစ်ခတ်တယ်။ စနိုက်ပါလက်ချက်နဲ့ ၃ ကောင်ထိတယ်” လို့ ပြောပါတယ်။

ကဒဲကျေးရွာအနီးမှာ စစ်ကားတစီးပျက်ပြီး နန်းပရုပ်ကျေးရွာအနီးမှာ စစ်ကား ၂ စီး ပျက်သွားတယ်လို့လည်း သိရပါတယ်။

မြိတ်ခရိုင် တပ်ရင်း-၁ ပြန်ကြားရေးတာဝန်ခံက “ဒီဇင်ဘာ ၃၀၊ ၃၁ ရက်နေ့တွေက တိုက်ပွဲပြီးသွားတော့ မိုင်းမဆွဲဘူးထင်လို့ ဖြတ်တာထင်တယ်။ ဒီနေ့မှာ ၂ ကြိမ် မိုင်းဆွဲတယ်။ အထိအခိုက်များတယ်။ မျက်မြင်အရ ၅ ဦးထက်မနည်းသေတယ်။ ကျနော်တို့ဘက်က ရရင် ရသလို တိုက်နေမှာပဲ။ ညှာတာမှာတော့ မဟုတ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးစာရင်းကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီဇင်ဘာလအတွင်း တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၆ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၆၂ ဦးသေဆုံးကာ ၄၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဘက်က ၄ ဦး ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013