
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသား ၃ ယောက် သေဆုံးနေတာတွေ့ခဲ့ရတယ်လို့ မျက်မြင်တွေ့သူက ပြောပါတယ်။
ပစ်သတ်ခံရတဲ့ အမျိုးသား ၃ ယောက်ဟာ စက်ရုံစုရပ်ကွက် အကွက် ၁၃ ရှိ ဆီတန်းရှေ့မှာ ဒီနေ့မနက်ပိုင်းက ပစ်ခတ်ခံရတာဖြစ်ပြီ ဘယ်သူဘယ်ဝါဆိုတာမသိရသေးဘူးလို့ မျက်မြင်တဦးက ပြောပါတယ်။
“အသတ်ခံရတာက အမျိုးသား ၃ ဦးပါ။ ဒီနေ့မနက် ၇ နာရီလောက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ။ ဘယ်သူဘယ်ဝါဆိုတာတော့ အတည်ပြုလို့မရသေးဘူး။ အသက်ကတော့ ၃၀ ကျော် ဝန်းကျင်လောက်ရှိမယ်။ သေနတ်သံကတော့ ၅ ချက်လောက် ကြားလိုက်ရတယ်။ အခုတော့ စစ်တွေဆေးရုံကို အလောင်းတွေကို ပို့ဖို့လုပ်ဆောင်နေကြတယ်။ ရဲတွေလည်း ရောက်နေကြပြီ”လို့ ပြောပါတယ်။
လက်ရှိ အသတ်ခံရတဲ့ လူ ၃ ဦးနဲ့ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်ကို သိရဖို့နဲ့ ဘယ်သူဘယ်ဝါတွေက ဘာကြောင့် ပစ်ခတ်ခဲ့တာဆိုတာ သိရဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
စစ်တွေမြို့မှာ ပြီးခဲ့တဲ့ လတွေတုန်းကလည်း သေနတ်ပစ်ခတ်ခံရပြီး နယ်ထိန်ရဲအုပ်တစ်ဦး သေဆုံးခဲ့သလို ပြည်နယ် ငါးလုပ်ငန်းဦးစီးညွှန်ကြားရေးမှူးလည်း သေနတ်ပစ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။
ဓာတ်ပုံ- လင်းလင်း