DVB Logo
Home
မြန်မာသတင်း
အပြောနှင့်အလုပ်ညီရန်၊ လူမှန်နေရာမှန်ဖြစ်ရန် NUG အစိုးရအဖွဲ့ဝင်များကို ယာယီသမ္မတ တိုက်တွန်း
DVB
·
January 3, 2023
အပြောနှင့်အလုပ်ညီရန်၊ လူမှန်နေရာမှန်ဖြစ်ရန် NUG အစိုးရအဖွဲ့ဝင်များကို ယာယီသမ္မတ တိုက်တွန်း
Donate to DVB

၂၀၂၃ ခုနှစ်မှာ အလုပ်နဲ့ သက်သေပြကြဖို့၊ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေအားလုံး အပြောနဲ့အလုပ်ညီအောင် ပြုမူကျင့်ကြံ ကြိုးစားကြဖို့နဲ့ လူမှန်နေရာမှန်ဖြစ်ရေး ကြိုးစားကြဖို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ယာယီသမ္မတဒူဝါလရှီးလ က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၃ ရက်က ကျင်းပတဲ့ (၈၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတဒူဝါလရှီးလက အစိုးရအဖွဲ့ဝင်တွေကို မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောသွားတာပါ။ 

“၂၀၂၃ ခုနှစ် နှစ်သစ်ကိုရောက်ပြီဖြစ်တာကြောင့် ပြည်သူလူထုဟာ ဒီနှစ်မှာ ဘာတွေ ဆက်ဖြစ်မလဲလို့ မျှော်လင့်တောင့်တနေကြတာတွေ ရှိနေပါတယ်။ ယခု ၂၀၂၃ ခုနှစ်မှာလည်း ပြီးစီးခဲ့တဲ့  ၂၀၂၂ ခုနှစ်ကဲ့သို့ ကျွန်တော်တို့ဟာ အလုပ်နဲ့ သက်သေပြကြရမယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် အပြောနဲ့ အလုပ် ကိုက်ညီဖို့လည်း ကြိုးစားကြရပါလိမ့်မယ်”လို့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း CRPH၊  NUCC ၊ NUG စတဲ့ ဖွဲ့စည်းမှုတွေနဲ့ စစ်အာဏာရှင်ဖြုတ်ချရေးကို စစ်ရေး၊ နိုင်ငံရေးတပ်ဦးကနေ ဦးဆောင်လာခဲ့ကြပြီး လိုအပ်ချက်အရ သက်ဆိုင်ရာ ကော်မတီ / ကော်မရှင်တွေကို ဖွဲ့စည်းလုပ်ဆောင်ခဲ့ကြကြောင်းနဲ့ အစုအဖွဲ့ဆိုင်ရာ အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး  လူနဲ့မူ ကို အံဝင်ခွင်ကျဖြစ်စေဖို့နဲ့ လူမှန်နေရာမှန် ဖြစ်ဖို့လည်း သုံးသပ်ကြဖို့လည်း တိုက်တွန်းသွားပါတယ်။

“ကျနော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းကြောင်းကို ကြည့်ရင် လူနဲ့ မူ ပြဿနာဟာ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာ လူနဲ့မူဟာ တခြားစီဖြစ်ခဲ့တယ်။ “လူကို ချစ်လျှင် မူကိုပစ်တယ်” “လူကိုမုန်းလျှင် မူကိုသုံးတယ်” ဆိုတဲ့စကားတောင်ရှိခဲ့ပါတယ်။ အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းခဲ့စဉ်တုန်းကလည်း လူနဲ့မူပြဿနာကို အပြီးသတ်ဖြေရှင်းလို့ မရခဲ့တာကို တွေ့ရပါတယ်။ ဒါကို သင်ခန်းစာယူပြီး နှစ်သစ်မှာ လူနဲ့မူ အံဝင်ခွင်ကျဖြစ်ရေး၊ လူမှန်နေရာမှန်ဖြစ်ရေးကို အဓိက ဦးစားပေး သုံးသပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။” 

ဒါ့အပြင် တော်လှန်ရေးအလုပ်တွေနဲ့ အစိုးရအဖွဲ့ လုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် ပီပီပြင်ပြင်ရှိရေးဟာ NUG အစိုးရအဖွဲ့ ခေါင်းဆောင်အားလုံးရဲ့ စီမံခန့်ခွဲမှု အရည်အချင်းတွေအပေါ်မှာ မူတည်နေပြီး ရှိထားတဲ့ အရင်းအမြစ်တွေကို တော်လှန်ရေးအရွေ့ တစ်ခုဖြစ်အောင် အလေအလွင့်မရှိပဲ စီမံခန့်ခွဲနိုင်ဖို့၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့၊ စီမံ/ဘဏ္ဍာ ကော်မရှင်ရဲ့ ငွေကြေးသုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက်တွေ တိတိကျကျလိုက်နာဖို့လည်း NUG ခေါင်းဆောင်က တိုက်တွန်းပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရဟာ စဖွဲ့စည်းကတည်း ဝန်ကြီးနေရာတွေကို အပြောင်းအလဲ အနည်းငယ်သာပြုလုပ်ခဲ့တာဖြစ်ပြီး ဝန်ကြီးဌာနတချို့နဲ့ ဝန်ကြီးတချို့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့  ပြည်သူတွေကြားမှာ အားမလို အားမရ ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013