
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ဆေးကုသမှုလိုအပ်နေတဲ့ မီးဘေးသင့်ပြည်သူတွေကို ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း၊ ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစု နယ်မြေအတွင်း ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေက သွားရောက်ဆေးကုသမှုခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မီးရှို့မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့ ဝက်လက်ဒေသရှိ ကျေးရွာ ၈ ရွာကို ဇန်နဝါရီ ၁ ရက်နဲ့ ၂ ရက်မှာ ပထမဆုံးအကြိမ်သွားရောက်ကွင်းဆင်းပြီး ရွာသားတွေကို အခမဲ့ ဆေးကုသမှုပေးခဲ့တာပါ။
စစ်ကိုင်းမြို့နယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့နယ်တာဝန်ခံက “အများစုက အမိုးအကာမရှိတော့ အအေးကလည်းပိုတော့ သက်ကြီးရွယ်အိုတွေ ပိုများပါတယ်။ လက်ရှိကတော့ ကွင်းဆင်းပြီးရွေ့လျားဆေးခန်းအဖြစ်လုပ်ဆောင်နေတာဆိုတော့ မျက်လုံးခွဲစိတ်တာမျိုးက လွဲရင် ကျန်တဲ့ရောဂါတွေကို ကုသပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ခွဲစိတ်တာမျိုးတော့ မလုပ်ဆောင်နိုင်သေးပါဘူး”လို့ ပြောပါတယ်။
မီးဘေးရှောင်ပြည်သူတွေအနေနဲ့ ဆေးကုသမှုတွေ လိုအပ်ချက်ရှိနေပြီး မြို့ပြအထိသွားရောက် ဆေးကုသဖို့ မလွယ်တာကြောင့် အခုလို ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး သွားရောက် ကုသမှုတွေ ဆောင်ရွက်ပေးတာဖြစ်တာလည်း သိရပါတယ်။
အဆိုပါကွင်းဆင်း ဆေးကုသပေးမှုကို ဆေးဝါးကျွမ်းကျင် သင်တန်းဆင်းထားတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသတွင်းလူငယ်တွေက စေတနာ့ဝန်ထမ်းအဖြစ် သွားရောက် ကုသပေးခဲ့တာလို့ သိရပါတယ်။
မြို့နယ်တာဝန်ခံက “ကျနော်တို့ဒေသက လူထုက မြို့ပေါ် ဆေးသွားကုဖို့က အခုအခြေအနေနဲ့ လုံးဝ မလွယ်ဖြစ်နေတာပါ။ ကျနော်တို့က ရှေးလတွေက ဆေးဝါးကျွမ်းကျင်သင်တန်းပေးပြီး ပြီးခဲ့တဲ့လက သင်တန်းကနေ ဆေးမှူးအယောက် ၅၀ သင်တန်းဆင်းထားတာပါ။ ဒေသကအဖွဲ့တွေပူးပေါင်းပြီး ဦးဆောင်မှုနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းဆင်းထားတဲ့ ရဲဘော်တွေနဲ့ ဒေသထဲက ကလေးတွေက ပါပါတယ်၊” လို့ပြောပါတယ်။
ကွင်းဆင်းဆေးကုသပေးတာကို ဝက်လက်မြို့နယ် နယ်စည်းမခြားတော်လှန်ရေးအင်အားစုအနေနဲ့ ဆက်လုပ်သွားမှာဖြစ်ပြီး စစ်ကိုင်းထဲက လက်လမ်းမမှီတဲ့ ကျေးရွာတွေအထိ သွားရောက်နိုင်ဖို့အတွက် ဆေးဝါးကျွမ်းကျင်နဲ့ အခြေခံကျန်းမာရေးလုပ်သားအများအပြား လိုအပ်နေတယ်လို့လည်းဆိုပါတယ်။
အခုလိုကွင်းဆင်းကုသပေးမှုကို မုံရွာခရိုင် တပ်ရင်း ၁၈ မှ တပ်ရင်းမှူးဗိုလ်စွန်ရဲ၊ တပ်ရင်းဆေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးတာဝန်ခံ၊ မြို့နယ်လူသားစာနာတာဝန်ခံတွေ၊ ရပ်ကျေး ပအဖ၊ ပကဖ၊ ပလဖ တွေပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ရွာ ၈ ရွာမှ ပြည်သူ ၁၉၅ ဦးကို ဆေးကုသမှုခံယူခဲ့ပါတယ်။