
အမေရိကန်အစိုးရက မြန်မာ့အရေးကို ဥပဒေမှာထည့်သွင်းပြဋ္ဌာန်းပြီး ပေါ်ပေါ်ထင်ထင် အကူအညီပေးဖို့ ကြိုးစားလာတာကြောင့် နွေဦးတော်လှန်ရေးဟာ သေချာပေါက်အောင်မြင်မယ့် လမ်းပေါ်ကိုရောက်လာပြီဖြစ်ကြောင်းနဲ့ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီကို အရေးယူအပြစ်ပေးမှုတွေ ပိုပြင်းထန်လာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောကြားလိုက်ပါတယ်။
မြန်မာ့အရေးအတွက် အမေရိကန်ဒေါ်လာ ၁၃၆ သန်းထက်မနည်း အကူအညီပေးမယ့် အချက်ပါဝင်တဲ့ အမေရိကန်အစိုးရဘဏ္ဍာငွေခွဲငွေသုံးစွဲမှုဥပဒေကို ဒေသစံတော်ချိန် ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းမှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးအတည်ပြုခဲ့တာပါ။
မြန်မာ့တော်လှန်ရေးနဲ့ ပြည်သူတွေကို အကူအညီပေးမယ့် အစီအစဉ်တွေထည့်သွင်းထားတဲ့ Burma Act ကိုလည်း အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA 2023 မှာထည့်သွင်းခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်မှာ ဥပဒေအဖြစ် သမ္မတဂျိုးဘိုင်ဒန်က အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု လွှတ်တော်နဲ့အစိုးရရဲ့ဆောင်ရွက်ချက်တွေဟာ မြန်မာ့အရေးကိုကူညီဖို့ တရားဝင်နည်းလမ်းနဲ့ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ချက်တွေဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း အတည်ပြုချမှတ်ထားပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က "ကုလသမဂ္ဂလို နိုင်ငံတကာသူ့ရဲ့မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းပြီးတော့ စစ်ကောင်စီကို ပိုမိုထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့အတွက် ကုလသမဂ္ဂကိုလည်းတွန်းအားပေးမယ်။ နိုင်ငံတကာမိတ်ဆွေတွေနဲ့လည်း လက်တွဲပြီးတော့ လုပ်သွားမယ်ဆိုတာပြောတယ်။ စစ်ကောင်စီလက်နက်မရအောင် အမေရိကန်ပြည်ထောင်စုက အတတ်နိုင်ဆုံး လုပ်သွားမယ်။ စစ်ကောင်စီအတွက် ငွေကြေးစီးဆင်းမှုတွေမရှိအောင် အမေရိကန်ပြည်ထောင်စုက မိတ်ဆွေနိုင်ငံတွေနဲ့ပူးတွဲပြီးလုပ်သွားမယ်။ စစ်ကောင်စီ တာဝန်ရှိတဲ့သူတွေ အကုန်လုံး သူတို့ခန့်ထားတဲ့ ဒုဝန်ကြီးတွေ ဝန်ကြီးတွေအပါအဝင် သူတို့ရဲ့လူတွေအကုန်လုံးကို အရေးယူအပြစ်ပေးဖို့ ပိတ်ဆို့ဖို့။ စစ်တပ်အတွက် ငွေကြေးစီး ဆင်းမှုတွေလုပ်ဆောင်ပေးနေတဲ့ နိုင်ငံပိုင်အဖွဲ့အစည်းတွေ ပုဂ္ဂလိကပိုင်အဖွဲ့အစည်းတွေ အကုန်လုံးကို အရေးယူအပြစ်ပေးဖို့ ဒီဥပဒေဟာ ခွင့်ပြုထားတာပေါ့။ ဆိုတော့ ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီကို အရေးယူအပြစ်ပေးမှုတွေပိုပြင်းထန်လာနိုင်တယ်။ နောက်ပြီးတော့ တော်လှန်ရေးအင်အားစုတွေကို ထိထိရောက်ရောက် လက်တွေ့ကျကျ အကူအညီပေးတာတွေကိုမြင်နိုင်မယ်လို့ ကျနော်တို့ယုံကြည်မိပါတယ်။"လို့ ပြောပါတယ်။
မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးကလည်း "ရှင်းအောင်ပြောရရင် ကျနော်တို့ ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်းနဲ့ ကိုယ့်အားကိုယ့်အင်လေးနဲ့ ရုန်းကန်နေရတဲ့အခြေအနေမှာတောင် အသာစီးရနေပြီလို့ပြောလို့ရတယ်။ ကမ္ဘာကြီးကို ကျနော်တို့ တဖက်ကလည်း နားပူနားဆာလုပ်ရင်း အကူအညီတောင်းခံရင်း ကိုယ့်ပြည်တွင်းမှာရှိတဲ့အင် အားလေးနဲ့ ရုန်းကန်ခဲ့တဲ့အချိန်မှာတောင်မှ အဓမ္မဘက်တော်သားတွေဟာ သူတို့စရိုက်နဲ့သူတို့ ကံဆိုးပြီး အလဲလဲအကွဲကွဲဖြစ်နေတဲ့ အနေအထား။ ကမ္ဘာကြီးက အခုလိုတိတိပပ အာရုံစိုက်လာပြီဆိုတဲ့အချိန်ကျရင်တော့ ကျနော်တို့ဟာ သေချာပေါက် စဉ်းစားစရာ မလိုလောက်အောင်နိုင်မယ်။”လို့ ပြောပါတယ်။
အမေရိကန်အစိုးရဆီက ရလာနိုင်စရာရှိတဲ့ ငွေကြေးနဲ့ နည်းပညာထောက်ပံ့မှုတွေကို တော်လှန်ရေးဦးဆောင်သူတွေက စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ အချက်ပဲအဓိက ကျန်တော့တယ်လို့ ဗိုလ်နဂါးက ပြောပါတယ်။
"ဒီငွေတွေကို ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတဲ့ အပိုင်းကတော့ NUG အစိုးရနဲ့ ဒေသဆိုင်ရာစီမံခန့်ခွဲတဲ့သူတွေ တိုင်းရင်းသားဦးဆောင်သူတွေရဲ့တာဝန်ဖြစ်တယ်။ အဲ့ဒီပုဂ္ဂိုလ်တွေကပဲ စဉ်းစားရလိမ့်မယ်လို့ ကျနော်တော့ မျှော်လင့်တယ်။ ဒါက ကျနော်တို့နိုင်ငံမှာ အားနည်းနေတဲ့ လူ့ကျင့်ဝတ်နဲ့ အားနည်းနေတဲ့ အသိတရားကြောင့် ဒီဟာတွေ ရောက်လာတဲ့အခါမှာလည်း မလိုလားအပ်တဲ့ ငြင်းခုန်မှုတွေ လွဲချော်မှုတွေရှိလာနိုင်တယ်။ ဒါတွေကို ကြိုတင်စဉ်းစားပြီးတော့ အတတ်နိုင်ဆုံး အလေးထားဆောင်ရွက်ကြဖို့လိုတယ်။
အမေရိကန်အစိုးရက မြန်မာပြည်သူတွေကို ကုလသမဂ္ဂကနေတဆင့် အကူအညီပေးသွားဖို့ လမ်းကြောင်းတွေကိုလည်း အခုအချိန်ကတည်းစတင် ဖော်ဆောင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီဆီကို လက်နက်တွေမရောက်တော့အောင်၊ စစ်ကောင်စီရဲ့ငွေကြေးစီးဆင်းမှုနဲ့ လုပ်ငန်း တွေကို ရပ်တန့်ပိတ်ဆို့သွားနိုင်အောင် စတဲ့ကြိုးပမ်းမှုတွေကိုလည်း ပြင်ဆင်နေတာဖြစ်ပါတယ်။
အမေရိကန်အစိုးရက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ပေါ်ပေါ်တင်တင်ပါဝင်ဖို့ပြင်ဆင်လာသလို စစ်ကောင်စီဘက်ကရပ်တည်ခဲ့တဲ့ တရုတ်နဲ့ရုရှားနိုင်ငံတွေဘက်ကလည်း ချိန်ခွင်လျှာညှိဖို့ ကြိုးစားတာ ရှိလာနိုင်တဲ့အတွက် မပြတ်စောင့်ကြည့်နေဖို့လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသူ တွေက သုံးသပ်ပါတယ်။
မြန်မာ့အရေးဟာ ပြည်တွင်းအရေးသာဖြစ်တဲ့အတွက် ပြင်ပက အဆောတလျင် ဝင်ရောက်စွက်ဖက်တာတွေ လုပ်ဖို့မလိုအပ်ဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆိုင်ရာ တရုတ်နိုင်ငံသံတမန်က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပြောဆိုထားပါတယ်။
မြန်မာ့အရေးဟာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုထိခိုက်လာနိုင်စရာမရှိတဲ့အတွက် ကုလလုံခြုံရေးကောင်စီက ဝင်ရောက်ဖြေရှင်းပေးစရာမလိုဘူးလို့ ရုရှားနိုင်ငံသံတမန်ကကလည်း ပြောပါတယ်။