Home
ဆောင်းပါး
နွေဦးတော်လှန်ရေးခရီးကြမ်းကာလ ၂၀၂၂ တနှစ်တာအတွင်း ပွင့်ဝေမြဲ၊ လွင့်ကြွေဆဲ ပြည်သူ့ကြယ် ပွင့်များ
DVB
·
December 31, 2022

၂၀၂၂ ခုနှစ် တနှစ်တာ ကုန်လွန်တော့မယ့် အချိန်မှာ မြန်မာပြည်တွင်းမှာတော့ နွေဦးတော်လှန်ရေးဟာ ရက်ရှည်ခရီးပြင်းနှင်နေဆဲ။ အောင်ပွဲဟာလည်း မဝေးတော့ပြီ။ ရောင်နီလာတော့မယ့် မနက်ဖြန်တွေနဲ့အတူ ဆက်လက်ပြီးတော့ ချီတက်ကြဆဲ။ ပြည်သူ့ဆန္ဒမဲနဲ့ ရွေးချယ်ခဲ့ကြတဲ့ ပြည်သူ့အစိုးရထံကနေ မတရားအာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း အသက်ပေးကြ၊ ဘဝတွေ စတေးကြရင်း လွင့်ကြွေသူကြွေ၊ ပွင့်ဝေသူဝေရင်းနဲ့ တော်လှန်ရေးမှာ အားလုံးတတပ်တအား ပါဝင်နေလိုက်ကြတာ။

ဒီကြယ်တွေကတော့ မငြိမ်းတော့မယ့် အလင်းမီးတောက်တွေနဲ့ ကမ္ပည်းတင်ကျန်ရစ်မယ့် ကြယ်ပွင့်တွေပေါ့။  တနှစ်ကူးတော့မယ့်အချိန် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး အဘက်ဘက်မှာ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ထဲက ပြည်သူ့အတွက်၊ မြန်မာ့ဖယ်ဒရယ်ဒီမိုကရေစီအရေးအတွက် အဘက်ဘက်က ပေးဆပ်ရင်း၊ တိုက်ပွဲဝင်ကြရင်းနဲ့ ကြွေလွင့်သွားခဲ့ကြသူတွေနဲ့ ဆက်လက်ပွင့်ဝေဆဲ ကြယ်ပွင့်ပေါင်းများစွာထဲက တချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ တကယ်တော့ စစ်အာဏာရှင် ဆန့်ကျင်တဲ့  နွေဦးတော်လှန်ရေးမှာ မြန်မာပြည်သူ တစ်ရပ်လုံး တဦးချင်း တယောက်ချင်းစီဟာ  သူရဲကောင်းတွေဖြစ်ကြပြီး ကျရာတာဝန် ကျရာနယ်ပယ်အသီးသီးမှာ အသက်နဲ့ ဘဝတွေကို ပေးဆပ်ခဲ့ကြသူတွေ ၊ ပေးဆပ်နေကြဆဲသူတွေ အားလုံးကိုလည်း လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။

ကိုဂျင်မီ(ခ) ကိုကျော်မင်းယု (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား ဖမ်းဆီးခံခဲ့ရပြီး ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ကိုဂျင်မီဟာ ၂၀၂၁ နွေဦးတော်လှန်ရေး မတိုင်ခင် ရှစ်လေးလုံးအရေးတော်ပုံကာလကတည်းက ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်သလို စစ်အစိုးရအဆက်ဆက်လက်ထက် နှစ်ရှည် ထောင်ဒဏ်တွေချမှတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်လည်း ဖြစ်ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အစောဆုံးဖမ်းဆီးခံရသူတွေထဲမှာ ကိုဂျင်မီမပါဝင်ခဲ့ပေမယ့် ဖေဖော်ဝါရီ ၁၃ ရက်မှာတော့ သူ့ကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့နဲ့အတူ ပုဒ်မ ၅၀၅(ခ) နဲ့ စစ်ကောင်စီရဲ့ တရားစွဲဝရမ်းထုတ်တာကို ခံခဲ့ရပါတယ်၊ အဲဒီနောက် အောက်တိုဘာ ၂၃ ရက်မှာတော့ သူ့ကို ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ထဲမှာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်မှာတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အင်းစိန်ထောင်ထဲမှာ မတရား ကွပ်မျက်ခံခဲ့ရပါတယ်။

ကိုဂျင်မီ(ခ)ကိုကျော်မင်းယု၊  အန်အယ်လ်ဒီအမတ် ကိုဖြိုးဇေယျာသော်တို့ အပါအဝင် ၄ ယောက်ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ရာမှာ သူတို့ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာ၊ ဖောက်ခွဲမှုတွေမှာ ပါဝင်တာ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ ဆက်သွယ်ခဲ့လို့ဖြစ်တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဇူလိုင် ၂၅ ရက်မှာတော့ ကိုကျော်မင်းယု(ခ)ဂျင်မီ ၊ ကိုဖြိုးဇေယျာသော်(ခ)မောင်ကျော်၊ ကိုလှမျိုးအောင်(ခ)ကိုမျိုးနဲ့ ကိုအောင်သူရဇော်(ခ)ကိုကတုံးတို့ ၄ ယောက်ကို အကျဉ်းထောင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ သေဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီး မိသားစုဝင်တွေက အကျဉ်းထောင်အာဏာပိုင်တွေဆီ သွားရောက်မေးမြန်းခဲ့ရာမှာလည်း ပြစ်ဒဏ်စီရင်ပြီးတာအတည်ဖြစ်ကြောင်း တုံ့ပြန်စကားရရှိခဲ့ကာ စီရင်ခဲ့တဲ့ ရက်အတိအကျ မပြောကြားခဲ့ပဲ ရုပ်အလောင်း၊ အရိုးပြာတွေပေးပို့တောင်းခံခဲ့ရာမှာလည်း လက်မခံ ပယ်ချခံခဲ့ရပါတယ်။

ကိုဂျင်မီဟာ ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့အတူ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးအတွက် တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သလို စာအုပ်စာပေရေးသားထုတ်ဝေ တေးသီချင်းတွေသီဆိုဖြန့်ချိခဲ့ကာ ကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မနီလာသိန်းနဲ့ သမီးတယောက် ကျန်ရစ်ခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကြိုးပမ်းမှုမှာ ရှေ့တန်းကနေ သူ့ရဲ့ ရွပ်ရွပ်ချွံချွံ အသက်စွန့်ပါဝင်ခဲ့မှုအတွက် လေးစားဂုဏ်ပြု ဖော်ပြလိုက်ပါတယ်။

ကိုဖြိုးဇေယျာသော် (သို့) နိုက်ထရစ်အက်စစ်  (နိုင်ငံရေးအကျဉ်းသားဟောင်း၊ ဟစ်ဟော့ပ်အဆိုတော် )

ကိုဖြိုးဇေယျာသော်ကို  ပရိသတ်တွေက နိုင်ငံရေးအကျဉ်းသားဟောင်း လူငယ်ဟစ်ပ်ဟော့ပ် အဆိုတော်တယောက်အနေနဲ့ သိထားကြတာဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီကို ကိုယ်စားပြုပြီး နေပြည်တော် ပုဗ္ဗသီရီမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရကာ ပြည်သူ့လွှတ်တော်အမတ် ဖြစ်လာခဲ့တာပါ။

အဲဒီနောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း နေပြည်တော်ရှိ အစိုးရဝန်ထမ်းတွေ အများဆုံးနေထိုင်ရာ ဇဗ္ဗူသီရိမြို့နယ်မှ အန်အယ်လ်ဒီပါတီ ကိုယ်စားပြုအနေနဲ့ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ လေတပ် ဦးစီးချုပ်ဟောင်းနဲ့ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်းကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှာတော့ ဖြိုးဇေယျာသော်ဟာ ကျရာတာဝန်ကို ထမ်းဆောင်ရင်း နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းက တက်တက်ကြွကြွ ပါဝင်ဦးဆောင်ခဲ့ပြီး နောက်မှာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုဖြိုးဇေယျာသော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ဖို့ နေအိမ်မှာ လက်နက်မျိုးစုံ သိမ်းဆည်းထားတာ၊ CRPH၊ NUG၊ PDF၊ Moon Light Operation အဖွဲ့တွေနဲ့ Zoom Meeting ပြုလုပ်ခဲ့တာ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ လက်နက်ငှားရမ်းထောက်ပံ့ပေးမှုတာနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ညွှန်ကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲခဲ့ပြီး သေဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် သူနဲ့အတူ မတရားပုဒ်မတပ်သေဒဏ်ချမှတ်ခံထားရတဲ့ ထင်ရှားတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ ၄ ယောက်ကို ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီးကြောင်း အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ထားပြီး အသေးစိတ်ကိုတော့ သတင်းမှာဖော်ပြထားခြင်း မရှိပါဘူး။

ကိုဖြိုးဇေယျာသော်ဟာ မြန်မာဂီတလောကမှာ အောင်မြင်ထင်ရှားခဲ့တဲ့  ACID ဟစ်ဟော့အဖွဲ့ရဲ့ အဆိုတော်တယောက်ဖြစ်ပြီး သူ့ကို  နိုက်ထရစ်အက်ဆစ် အဖြစ် ပရိတ်သတ်တွေအကြား လူသိများပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ထွက်ရှိခဲ့တဲ့   ACID  အဖွဲ့ရဲ့ “စတင်ခြင်း” အယ်လ်ဘမ်ဟာ မြန်မာပြည်ရဲ့ ပထမဆုံး ဟစ်ဟော့တေးစီးရီးအဖြစ်လည်း လူများက အသိအမှတ်ပြုထားခဲ့ပါတယ်။‌

မြန်မာ့နွေဦးတော်လှန်ရေး ခရီးမှာတော့ ကိုဖြိုးဇေယျာသော်ရဲ့ ပြည်သူနဲ့အတူ ပြည်သူ့ဘက်ကရပ်တည် အသက်စွန့်ကြိုးပမ်းစွမ်းဆောင်ချက်တွေကို ပြည်သူတရပ်လုံးက  အမှတ်ရနေမှာ ဖြစ်သလို သူ့ပါဝင်သီဆိုခဲ့တဲ့ တေးသီးချင်းတွေကိုလည်း သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေက မေ့နိုင်မှာမဟုတ်လို့  ဂုဏ်ပြုဖော်ပြလိုက်ပါတယ်။

ဒေါ်ဇင်မာအောင်(NUG နိုင်ငံခြားရေးဝန်ကြီး)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ချန်လှပ်ထားလို့ မရတဲ့သူ တယောက် ဖြစ်ပါတယ်။

သူဟာ ၁၉၈၈ ခုနှစ်ကတည်းက မြောက်ဥက္ကလာပ အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပြီး ၁၉၉၆ ခုနှစ် ဒဂုံတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၀ ရွေး ကောက်ပွဲရလဒ်အရ ရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ယူရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရပြီးနောက် အင်းစိန်ထောင်နဲ့ မန္တလေးဗဟိုအကျဉ်းထောင်တွေထဲ ၁၁ နှစ်ကြာ အကျဉ်းကျခံခဲ့ရပြီးနောက် ၂၀၀၉ ခုနှစ်မှာမှ ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်ပြီးနောက် ဒေါ်ဇင်မာအောင်ဟာ ရန်ကုန်မြို့အမေရိကန်စင်တာမှာ  Cultural Impact Study Club ကို ဦးဆောင်ခဲ့သလို ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (Yangon School of Political Science) နဲ့ RAINFALL – Gender Study Group ကိုလည်း ပူးတွဲတည်ထောင် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံက ချီးမြှင့်တဲ့ International Women of Courage Award ကို လက်ခံရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာလည်း ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ကမ္ဘာ့လူငယ်ခေါင်းဆောင် (World Global Young Leader 2014) စာရင်းမှာ ဖော်ပြခံခဲ့ရသူ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာတော့ ရန်ကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြောက်ခံခဲ့ရပြီး ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အဖွဲ့ဝင် တယောက်အနေနဲ့လည်း ဆောင်ရွက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ်ခံထားရပါတယ်။

အထူးသဖြင့် အခု ၂၀၂၂ ခုနှစ်အတွင်း  အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ ခရီးဆန့်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ  သံတမန်ရေး တိုက်ပွဲရဲ့ ရှေ့တန်းမျက်နှာစာမှာ အာဏာသိမ်း စစ်အုပ်စုကို အလဲထိုးနိုင်ခဲ့သူ ဖြစ်တဲ့အတွက် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါတယ်။ 

ဗိုလ်ဒါဘော( ကော်ဘရာစစ်ကြောင်းမှူး)

နွေဦးတော်လှန်ရေးရဲ့ တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့အတူ ပြည်သူတွေကြား စိတ်ခွန်အားဖြစ်စေတဲ့ တပ်ရင်းတပ်ဖွဲ့တွေ အများအပြား ပေါ်ပေါက်လာခဲ့သလို ဒီတပ်ဖွဲ့တွေကြား ကရင်ပြည်နယ်က ကော်ဘရာစစ် ကြောင်းဟာလည်း ပါဝင်လာခဲ့ပါတယ်။

ဒီစစ်ကြောင်းကို ဦးဆောင်သူ စစ်ကြောင်းမှူး ဗိုလ်ဒါဘောဟာလည်း အမှန်တရားဘက်တော်သား ပြည်သူတွေကြား ထင်ရှားသူတယောက်ဖြစ်တာမို့ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ကော်ဘရာစစ်ကြောင်းဟာ စစ်အာဏာသိမ်းပြီးနောက် ပေါက်ပေါ်လာတဲ့တပ်ဖွဲ့တခု ဖြစ်ပြီး KNU တပ်မဟာ ၆ ဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

ဗိုလ်ဒါဘောဟာ တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင် ဦးဆောင်တိုက်ခိုက်ခဲ့ကာ အောင်မြင်မှုတွေရခဲ့သလို ရဲဘော်ရဲဘက်တွေနဲ့ ညီရင်းအစ်ကိုသဖွယ် ဆက်ဆံရေးတည်ဆောက်ထားနိုင်သူ ဖြစ်ပါတယ်။ တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သူ့ရဲ့ ဆက်ဆံ ပြောဆိုပုံတွေနဲ့ ပတ်သက်ပြီးလည်  လူမှုကွန်ရက်မှာ လူကြိုက်များအားပေးကြတာတွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်မှာတော့ ကော်ဘရာစစ်ကြောင်းက သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီး NUG ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း ကိုယ်တိုင်တက်ရောက်ခဲ့ကာ သေနတ်အလက် ၅၀ ထောက်ပံ့ခဲ့ပါ တယ်။

ဘရော်နီကာ(ကရင်နီအမျိုးသမီးလက်ဝှေ့မယ်)

စစ်အာဏာသိမ်းမှုနဲ့အတူ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ နိုင်ငံရပ်ခြားမှာ တကိုယ်တော် ရွက်လွှင့်ရင်း ကြိုးစားလျှောက်လှမ်း နိုင်ပွဲဆင်နေသူကတော့ ကယန်းကျားသစ်မယ် အဖြစ်လူသိများတဲ့  ကရင်နီအမျိုးသမီး လက်ဝှေ့မယ် ဘရော်နီကာပဲ ဖြစ်ပါတယ်။

ဘရော်နီကာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထိုင်းဘုရင့်ဖလားချန်ပီယံ မွေထိုင်းဗိုလ်လုပွဲမှာ ပြိုင်ဘက်ဖြစ်တဲ့ ဂရိနိုင်ငံသူ ဖာနီပယ်လောင်ပီကို တတိယအချီမှာ အလဲထိုး အနိုင် ယူခဲ့ပြီး ထိုင်းဘုရင့်ဖလားကို ရရှိသွားခဲ့ကာ Thai Fight King Of Muay Thai ပြိုင်ပွဲ၊ အမျိုးသမီး ဘင်တန်ဝိတ်တန်း(၅၃ ကီလို) ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ဘရော်နီကာဟာ လက်ရှိပွဲစဉ်အပါအဝင်ဆိုရင် ပွဲပေါင်း ၃၇ ပွဲ ကစားခဲ့ပြီး ကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲ ၁၈ ပွဲ၊ ရှုံးပွဲ ၂ ပွဲနဲ့ သရေ ၁၇ ပွဲ ရှိခဲ့ပါတယ်။ သူဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ မွေထိုင်း Thai Fight  ပြိုင်ပွဲ ၈ ပွဲမှာ ၈ ပွဲစလုံးအနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။

ဘရော်နီကာဟာ ONE Championship အဖွဲ့အစည်းရဲ့ MMA ပြိုင်ပွဲတွေမှာပါဝင်ယှဉ်ပြိုင်ထိုးသတ်နိုင်ဖို့လည်း ကြိုးစားနေပြီး လတ်တလောမှာတော့ ပွဲကို လာရောက်ကြည့်ရှုကြတဲ့သူတွေအနေနဲ့ ဘရော်နီကာ ပုံရိုက်နှိပ်ထားတဲ့ အင်္ကျီတွေကို ဝယ်ယူအားပေးနိုင်ပြီး ရရှိတဲ့ ငွေတွေကို စစ်ဘေးရှောင်တွေကို လှူဒါန်းသွားမယ်လို့ အသိပေးထားပါတယ်။

မွေးရပ်မြေ ကရင်နီမှာ မိသားစုတွေက စစ်ဘေးရှောင်နေရချိန်မှာပဲ အခက်အခဲတွေကြား တဖက်ကနေ နိုင်ငံ့ဂုဏ်ဆောင်နိုင်သူဖြစ်တာမို့ ဂုဏ်ပြုရွေးချယ်ဖော်ပြလိုက်ပါတယ်။

ဒေးဗစ်လိုင် (ချ င်းတိုင်းရင်းသား အဆိုတော်)

မတူပီမြို့ဇာတိ ချင်းတိုင်းရင်းသား ဒေးဗစ်လိုင်ကတော့ နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ အိပ်မက်ဆုံရာ ရာသက်ပန် Season 2 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် မှာတော့ “ချစ်နေသော်လည်း”အမည်ရတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် တချပ် ထွက်ရှိထားခဲ့ကာ ဂီတအနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာတော့ အမှန်တရားဘက်က ရပ်တည်ကာ ပြည်သူနဲ့ တသားတည်း ရှိနေခဲ့တဲ့ အနုပညာရှင်တယောက်လည်း ဖြစ်သလို အကြမ်းဖက်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေပြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေသူလည်း ဖြစ်ပါတယ်။  သူပြန်လည်သီဆိုခဲ့တဲ့  ဆောင်းဦးလှိုင်ရဲ့ မိုးခါးရေသီချင်းဟာလည်း ပရိတ်သတ်တွေအကြား လူကြိုက်များပါတယ်။ 

တူးမီးသေနတ်နဲ့ စစ်အာဏာရှင်ကို ရှေ့တန်းက ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ သူ့ရဲ့ မွေးရပ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့နိုင်ရေးအတွက် တူးမီးထီ ပရောဂျက်နဲ့ ချင်းအဆိုတော်တွေဖြစ်ကြတဲ့ ဘင်ဂျမင်ဆုန်း၊ P Thawng Bawi တို့နဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ Guys from chin တေးဂီတအဖွဲ့ နဲ့ အတူ ရန်ပုံငွေရှာဖွေရာမှာလည်း တတပ်တအားပါဝင်နေတာမို့ နွေဦးတော်လှန်ရေးခရီးထဲက ပြည်သူ့ဘက်တော်သား အနုပညာရှင်ကြယ်တပွင့်အဖြစ် ရွေးချယ်ဖော်ပြလိုက်ပါတယ်။

ဟန်လေး(တက်ကြွလှုပ်ရှားသူ အလှမယ်)

ဟန်လေးကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ Miss Grand International 2020 ပြိုင်ပွဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို နိုင်ငံတကာကသိအောင် ဖော်ထုတ်ခဲ့တဲ့ အလှမယ်တယောက် ဖြစ်ပြီး အဲဒီပြိုင်ပွဲကာလတွင်းမှာပဲ စစ်ကောင်စီက သူ့ကို ဖမ်းဝရမ်းထုတ်ခဲ့တာကြောင့် ထိုင်းနိုင်ငံမှာပဲ ဆက်လက်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတော့ ထိုင်းပြည်ဝင်ခွင့်ဗီဇာအတွက် ဗီယက်နမ်နိုင်ငံကို ခေတ္တသွားရောက်ခဲ့ပြီး ထိုင်းနိုင်ငံကို စက်တင်ဘာ ၂၁ ရက်က ပြန်အဝင်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတွေက ဖမ်းဆီးခံခဲ့ ရတာ ဖြစ်ပါတယ်။ သူ့ရဲ့နိုင်ငံကူးလက်မှတ်ပျောက်ဆုံးကြောင်း မြန်မာရဲတပ်ဖွဲ့ဘက်က တိုင်ကြားထားတဲ့အတွက် ပတ်စပို့ ရှိနေလျက်နဲ့ အဖမ်းခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာတော့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာအဖွဲ့ UNHCR ရဲ့ အကူအညီနဲ့ ကနေဒါနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

အလှမယ်ဟန်လေးကို  စစ်ကောင်စီကတော့ နိုင်ငံတော်ပုန်ကုန်မှု ၁၂၄/၁ နဲ့ အမှုဖွင့်ခဲ့ပေမဲ့  ဟန်လေးကတော့ ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ၊ ရန်ပုံငွေရှာဖွေပွဲတွေမှာ တက်တက်ကြွကြွ ဆက်လက်ပြီးတော့ ပါဝင်နေသလို ပြည်သူတွေနဲ့ တသားတည်း ရပ်တည်နေတဲ့ အလှမယ်တယောက်ဖြစ်တာမို့ ဂုဏ်ပြုဖော်ပြပေးလိုက်ပါတယ်။

ကိုပေါက်(သရုပ်ဆောင် ဒါရိုက်တာ)

သရုပ်ဆောင်  ဒါရိုက်တာ ကိုပေါက်ဟာ မြန်မာနိုင်ငံမှာ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်ကာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရသူလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ လွတ်မြောက်နယ်မြေတနေရာကနေ သူနိုင်နင်းတဲ့ တာဝန်တွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေရင်း တတ်စွမ်းတဲ့ အနုပညာနဲ့ တော်လှန်ရေးထောက်ပံ့ဘဏ္ဍာငွေတွေ ရှာဖွေ ပေးနေသူပါ။

သိပ်မကြာခင်က သူကိုယ်တိုင် ဒါရိုက်တာအနေနဲ့  အိုင်ဖုန်းကင်မရာနဲ့ ရိုက်ကူးခဲ့တဲ့ CDM အရာရှိတစ်ဦးအကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဟာ ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၂၀ ကျော်မှာ ပြသထားခဲ့ပြီး ရုပ်ရှင်ပြသရာကနေ ရရှိလာတဲ့ ကျပ်သိန်း ၄၆၀၀ ကို ပထမဆုံးအကြိမ်အဖြစ် တော်လှန်ရေးအဖွဲ့တွေထဲ ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်းလည်း သိရပါတယ်။

ပြည်သူ့ဆန္ဒမဲနဲ့ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အရပ်သားအစိုးရကို နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်က ရဲရဲရင်ဆိုင်ရပ်တည်ခဲ့ကြတဲ့ အနုပညာရှင် တစုထဲက သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်လည်း တယောက်အပါအဝင် ဖြစ်တာမို့ ဒီဗွီဘီက ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

စစ်အာဏာရှင်ကို  တော်လှန်ဆန့်ကျင်နေကြတဲ့ မြန်မာပြည်တွင်းနဲ့ ပြည်ပက တိုင်းရင်းသားပြည်သူ တယောက်စီတိုင်းနဲ့ လူမသိသူမသိ ပေးဆပ်အသက်စွန့်သွားကြတဲ့ သူရဲကောင်းအပေါင်းတို့ကိုလည်း လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်။

Photo-Credit

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024