DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ် ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့၊ နေအိမ် ၁၄၀ ခန့် ဆုံးရှုံး
DVB
·
December 31, 2022
ဒီပဲယင်းမြို့နယ် ကျေးရွာ ၂ ရွာကို စစ်တပ် မီးရှို့၊ နေအိမ် ၁၄၀ ခန့် ဆုံးရှုံး
Donate to DVB

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ဒီဇင်ဘာ ၃၀ မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်း ထိုးဝင်ရောက်လာပြီး ကြည်ရွာနဲ့ ယင်းတွေရွာကို မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် နေအိမ်  ၁၄၀ လောက်  မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက  "မနက်ပိုင်းက  ကြည်ရွာကို စတင် ဝင်ရောက်လာပြီး ကျန်တဲ့ အိမ်တွေကို အကုန်မီးလိုက်ရှို့တယ်။ ကြည်ရွာမှာ မီးရှို့ပြီး  ယင်းတွေရွာကို ဆက်မီးရှို့တယ်။ ယင်းတွေရွာကို တောင်ပိုင်းကနေ စရှို့တာ။  အရှေ့ပိုင်းကိုလည်း ရှို့တယ်။ ကျေးရွာ နှစ်ရွာက နေအိမ် ၁၄၀ လောက် မီးလောင်ဆုံးရှုံးတယ်။ ဒေသခံတွေကတော့ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မီးရှို့ခဲ့လို့ ကြည်ကျေးရွာက နေအိမ် အလုံး ၄၀ လောက်နဲ့ ယင်းတွေကျေးရွာက နေအိမ် ၁၀၀ နီးပါး မီးလောင် ဆုံးရှုံးခဲ့တာပါ။

ကြည်ကျေးရွာကို  ဒီဇင်ဘာ ၂၈ ရက်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေစဉ်  မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၃၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ပြီး အခုအခါမှာ ကျန်ရှိနေတဲ့ နေအိမ်တွေကို ထပ်မံ မီးရှို့ခဲ့တာဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေပြီး ဒီဇင်ဘာ ၂၃ ရက်က ပျံကျကျေးရွာက နေအိမ် အလုံး ၅၀၀ ကျော်ကို မီးရှို့ခဲ့ကာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကြည်ကျေးရွာက ကလေး သုံးဦး ထိခိုက် ဒဏ်ရာ ရှိခဲ့ပါတယ်။

ဒီပဲယင်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာတွေကို မီးရှို့ပြီး လုယက်ခိုးယူလာတဲ့ ဆန်တွေကို ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက စာသင်ကျောင်း တကျောင်းမှာ တပ်ထောက်ခံသူ မိသားစုတွေကို ဝေပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “တအိမ်တယောက် လာယူရမယ်။ လာမယူရင် အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ပြည်သူတွေကို ဆန်၊ ဆီ လှူတဲ့ပုံစံလုပ်နေတာ၊ ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့သဘောမျိုး လုပ်နေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆန်ဆီဝေတဲ့ အခုလုပ်ရပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းထဲက ဒီပဲယင်းမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံရမှု အများဆုံး သတင်းတွေကြောင့် ဖုံးချင်လို့လုပ်တာ ဖြစ်နိုင်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ ဒီပဲယင်းမြို့နယ်ဟာ မီးလောင်ပြာကျတဲ့မြို့နယ်ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က လက်ယက်ကုန်းကျေးရွာကို လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ကလေးငယ်တွေ သေဆုံးဒဏ်ရာ ရခဲ့ပြီး အဆိုပါဖြစ်စဉ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013