DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းမှု ၁ နှစ် သက်တမ်းတိုးပြီးနောက် မြန်မာပြည်တွင်း ပဲဈေးကျလာ
DVB
·
December 30, 2022
အိန္ဒိယက မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းမှု ၁ နှစ် သက်တမ်းတိုးပြီးနောက် မြန်မာပြည်တွင်း ပဲဈေးကျလာ
Donate to DVB

အိန္ဒိယနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနကနေ ပြည်ပကနေ  မတ်ပဲနဲ့ ပဲစင်းငုံတင်သွင်းမှုကို  ၂၀၂၃ မတ်လ ၃၁ ရက်ကနေ ၂၀၂၄ မတ်လ ၃၁ ရက်နေ့အထိ  တနှစ်သက်တမ်း ထပ်တိုးပေးကြောင်း ဒီဇင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အရင်က ပြည်ပကနေ မတ်ပဲနဲ့ ပဲစင်းငုံ တင်သွင်းမူကို  ၂၀၂၃ မတ်လ ၃၁ ရက်နေ့အထိ ပမာဏ ကန့်သတ်ထားခြင်းမရှိဘဲ သူ့နိုင်ငံအတွင်း တင်သွင်းခွင့်ပေးထားခဲ့ရာကနေ အခု ၂၀၂၄ မတ်လ ၃၁ ရက်နေ့အထိ တင်သွင်းခွင့်ကာလကို သက်တမ်း ထပ်တိုးပေးလိုက်တာပါ။

အဲဒီလို အိန္ဒိယ ပဲတင်သွင်းခွင့်ကာလ တိုးမြှင့်လိုက်တာကြောင့် ပြည်တွင်းပဲဈေးကွက်ထဲမှာ အသစ်ပေါ်ချိန် ဈေးနှုန်းကျဆင်းနေတဲ့ မတ်ပဲနဲ့ ပဲစင်းငုံဈေးတွေ ဈေးထပ်မံကျဆင်းလာပါတယ်။ မြန်မာ့ပဲဈေးကွက်ဟာ အိန္ဒိယနိုင်ငံကိုသာ အဓိကအားထားနေရတာ ဖြစ်တာကြောင့် အိန္ဒိယရဲ့ ပဲတင်သွင်းမှု ပေါ်လစီအပြောင်းအလဲဟာ မြန်မာပဲဈေးကွက်အပေါ် သက်ရောက်မှုရှိပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးနှုန်းအရ ဒီနေ့ ဒီဇင်ဘာ ၂၉ရက်နေ့မှာ  မတ်ပဲ ၁ တန်ကို  ၁,၆၉၂,၀၀၀ ကျပ် ပေါက်စျေး ရှိပြီး ၊ ပဲစင်းငုံ ၁ တန်စျေးနှုန်းက  ၁,၇၆၀,၀၀၀ ရှိပါတယ်။ မနေ့ကဈေးနဲ့ယှဉ်ရင်  မတ်ပဲ ၁ တန်ကို ကျပ် ၃ သောင်းဝန်းကျင်၊ ပဲစင်းငုံက ၁ တန်ကို ကျပ် ၁ သောင်းဝန်းကျင် ‌စျေးကျဆင်းလာပါတယ်။

ပဲကုန်သည်တဦးက “ပြည်ပဝယ်အားသိပ်မရှိဘူး။ ပဲအသစ်တွေ ဝင်နေတယ်။ အဲတာကြောင့် ကျတာ။  ဒါပေမဲ့ ရေရှည်မှာတော့ တက်မယ်။ အိန္ဒိယမှာ အထွက်လျော့တယ်။ ပဲလိုအပ်ချက်များတယ်” လို့  မှတ်ချက်ပြုပါတယ်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရတို့အကြားမှာ G to G အစီအစဉ်နဲ့ မတ်ပဲနဲ့ ပဲစင်းငုံ ရောင်းဝယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်း ရေထိုးထားပါတယ်။

အဲဒီ MOUအရ  အိန္ဒိယအစိုးရက  မြန်မာနိုင်ငံကနေ နှစ်စဉ် မတ်ပဲတန်ချိန် (၂.၅) သိန်းနဲ့ ပဲစင်းငုံ တန်ချိန် ၁ သိန်းတို့ကို ပုဂ္ဂလိက ကုန်သွယ်မှုကတဆင့်  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကနေ  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ  ၅ နှစ်ဆက်တိုက် တင်သွင်းသွားမှာ ဖြစ်ပါတယ်။

တဖက်မှာလည်း အိန္ဒိယမှာ ပဲစိုက်ဧကနဲ့ အထွက်နှုန်းလျော့ပြီး ပဲလိုအပ်ချက် ရှိနေတဲ့အတွက် ပြည်တွင်း ပဲကုန်သည်လှောင်လက်တွေက စျေးကွက်အလားအလာအပေါ် မျှော်မှန်းပြီး ဝယ်ယူ သိုလှောင်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ပြည်တွင်းပဲ စိုက်ပျိုးတဲ့ ဒေသတွေမှာလည်း ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် စိုက်ဧကနဲ့ အထွက်နှုန်းလျော့ကျနေပါတယ်။ ဒီအချက်တွေကြောင့် ရေရှည်မှာ ပဲစျေးကွက် ကောင်းလာနိုင်တယ်လို့  ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

မန္တလေးအခြေစိုက် ပဲကုန်သည်တဦးက “အိန္ဒိယက လိုအပ်ချက်ရှိနေသေးတယ်။ ပြည်တွင်းမှာ အသစ်တွေ ထွက်လို့စျေးကျလည်း ရေတိုပဲ။ ရေရှည်မှာက ပြည်တွင်း အထွက်နှုန်းကလည်း ကျနေတာဆိုတော့ စျေးကွက်က အမာတန်းမှာပဲ ဆက်ရှိနေနိုင်တယ်” လို့  ကောက်ချက်ချပါတယ်။

မြန်မာ့ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေက ဝယ်ယူနေပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ဝယ်ယူမှုက ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ ၂၀၁၇ ခုနှစ် ဩဂုတ်လမှာ  အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကနေ  ပဲဝယ်ယူမှုကို ပမာဏဏကန့်သတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပဲဈေးကွက်မှာ များစွာအထိနာခဲ့ရပါတယ်။ 

လက်ရှိမှာတော့ အိန္ဒိယက သူနိုင်ငံအတွင်း ပဲလိုအပ်ချက် များပြားနေတာကြောင့် ခွဲတမ်းစနစ်ကို ပယ်ဖျက်ပြီး မတ်ပဲနဲ့ ပဲစင်းငုံကို ပမာဏ ကန့်သတ်ချက်မရှိ တင်သွင်းခွင့် ပြန်ခွင့်ပြုပေးထားတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013