
ရဟတ်ယာဉ်အမှုတွေအတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒီဇင်ဘာ ၃၀ ရက်နေ့က နေပြည်တော်အချုပ်ထောင်ရှိ အထူးသီးသန့်တရားရုံးက ထောင်ဒဏ် ၇ နှစ် စီအမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
တရားရုံးနဲ့ နီးစပ်သူတဦးက “ရဟတ်ယာဉ်ငှားတာနဲ့ပတ်သက်တဲ့ အမှုသုံးမှုနဲ့ ပြုပြင်ထိန်းသိမ်းတဲ့တမှုအတွက် လေးမှုကို တမှု သုံးနှစ်စီချတယ်။ အဲဒါက တပေါင်းတည်း ကျခံရမှာ။ နောက် ရဟတ်ယာဉ်ဝယ်တဲ့အမှုကို လေးနှစ်ချလိုက်တယ်၊ အဲဒါသီးခြား။ အဲတော့ အားလုံး စုစုပေါင်း ၇ နှစ်ဖြစ်သွားတာပေါ့” လို့ ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး စွဲဆိုခံထားရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံရမှာ ဖြစ်ပါတယ်။
ဒီရဟတ်ယာဉ်ဝယ်ယူတာ၊ ငှားရမ်းတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ စွပ်စွဲတရားစွဲဆိုထားပေမဲ့ စွပ်စွဲခံရသူတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီပဲ ဆောင်ရွက်ဖို့ ညွှန်ကြားခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။
အခုအမိန့်ချလိုက်တဲ့အမှုဟာ နိုင်ငံ့ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့အားလုံးထဲမှာ နောက်ဆုံး အမိန့်ချတဲ့အမှုဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီစွဲဆိုထားတဲ့ အမှု ၁၉ မှုအတွက် ကျခံရမယ့်ထောင်ဒဏ်ဟာ စုစုပေါင်း ၃၃ နှစ် ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် အမိန့်ချပြီးသားအမှုတွေကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံတင်ထားတယ်လို့ သိရပါတယ်။