
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ စည်ပင်စျေးက ဈေးသည် အမျိုးသမီး ၄ ယောက်ကို PDF ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်နေ့ကတည်းက ဖမ်းဆီးထားတယ်လို့ ဒေသခံထံက သိရပါတယ်။
ဒေသခံကအမျိုးသားတဦးက “PDF ထောက်ပံ့မှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရတယ်။ အဲ့ဒါက သူတို့က တခြားသူတွေမလုပ်ရဲအောင် မထောက်ပံ့ရဲအောင် ပြည်သူတွေကို အကြောက်တရားရိုက်သွင်းတဲ့ ပုံစံမျိုးနဲ့စွပ်စွဲပြီး ဖမ်းတဲ့သဘောရှိတယ်” လို့ ပြောပါတယ်။
အဲဒီအမျိုးသမီးတွေဟာ အင်းတော်စျေးထဲမှာ ကြက်သားရောင်းတဲ့ နားခါးရွာက အမျိုးသမီးတွေဖြစ်တယ်လို့ Indaw Revolution က ထုတ်ပြန်ပါတယ်။ လတ်တလော ဘယ်မှာ ဖမ်းဆီးထားတယ် ဘာအမှုနဲ့ အရေးယူမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။