
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦး ကားလမ်းမှာ တောပုရွာက ပျူစောထီး ခေါင်းဆောင်တဦးနဲ့ တပ်ဖွဲ့ဝင် ၂ ဦး၊ အမျိုးသမီး ၁ ဦး လိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးကို ဒီဇင် ဘာ ၂၉ ရက် နေ့လယ်မှာ PDF–South Monywa-V2 ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ ပျူစောထီး ခေါင်းဆောင်နဲ့ ကားပေါ်ပါလာသူ ၂ ဦး သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“တောပုရွာအထွက် ဆိုင်းဘုတ်နားအရောက်မှာ ပစ်ခတ်ခဲ့တာ၊ ပျူတွေလာမယ်ဆိုတာ သတင်းရလို့ စောင့်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တောပုရွာက ပျူခေါင်းဆောင်က အရင်က စစ်မှုထမ်းဟောင်း။ ကားပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦးကိုတော့ ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးလိုက်ပါတယ်။”
ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာမှာ ကားက အခုချိန်ထိ ရှိနေတုန်းဖြစ်ပြီး အနီးနား ပတ်ဝန်းကျင်မှာတော့ ပျူစောထီးတပ်ဖွဲ့တွေ ကင်းပုန်းတွေချထားတယ်လို့ ပြောပါတယ်။
အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို People’s Defence Force – South Monywa နဲ့အတူ Anyar Defense Force / Garuda King Monywa တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ ဝါရုံကုန်းကျေးရွာကို ဒီဇင်ဘာ ၂၈ ရက် ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီတပ် ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါပစ်ခတ်မှုကို စစ်ကောင်စီလက်အောက်ခံ ရွှေဘိုလေ့ကျင့်ရေး ၈ မှ ပစ်ခတ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ခင်ဦးဒေသခံ ပြည်သူတဦးက “ထိခိုက်တာက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ ပေါင်း ၄ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဗျ။ ကိုယ့်ရွာထဲ ကိုယ့်နေရာတောင် အသက်အန္တရာယ်ကတော့ အတော်လေးကို စိုးရိမ်ရတယ်ဗျာ။ စစ်ကောင်စီအနေနဲ့ ရွာတွေ အခုလို လက်နက်ကြီးနဲ့ လိုက်ပစ်တာတော့ မလုပ်သင့်ဘူးဗျ။ သူတို့ကို မကြိုက်တဲ့သူကိုတောင် ကြိုက်လာအောင် စည်းရုံးရမယ့်အစား အဲလိုပစ်နေတာတော့ ပြည်သူတွေ သေရုံပဲရှိမယ်” လို့ ပြောပါတယ်။
ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ က ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းမှာ ပစ်ခတ်တာကြောင့် ခင်ဦးမြို့နယ် ရေအေးကုန်းရွာက ဒေသခံအမျိုးသားတဦး လက်နက်ကြီးကျည် ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီက ကျေးရွာတွေကို ၃ ရက်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။