Home
မြန်မာသတင်း
ပုလောနှင့် သရက်ချောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
DVB
·
December 30, 2022
322703866_560481515596864_4776488040402650769_n

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုရွာအနီးမှာ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက မြိတ်ကနေ ပုလောဘက်ကို တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တောကြီးမြွေဟောက်အဖွဲ့ (King Cobra Force) မှ ရဲဘော်တဦးက ပြောပါတယ်။

“ဒီနေ့ တနေကုန်စောင့်နေတာ။ ခြေလျင် အရင်လာကြတာ။ နောက်က ကပ်ပြီး စစ်ကားတန်း ပါလာတာ။ ကားတန်းရောက်မှ မိုင်းခွဲတာ။ ကျနော်တို့ဘက်က အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်။”

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တောကြီးမြွေဟောက်အဖွဲ့ (King Cobra Force) ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေသခံတဦးက “စစ်ကောင်စီဘက်က ၁၀ စီးလောက် ဆင်းလာတယ်။ မိုင်းဆွဲပြီးလုပ်တာက နှစ်ဖက်တိုက်တာထက် အန္တရာယ်နည်းတယ်လို့ထင်တယ်။ မိုင်းတွေအားလုံး မပေါက်တော့ နှမြောမိတယ်” လို့ ပြောပါတယ်။

တောကြီးမြွေဟောက်အဖွဲ့ (King Cobra Force) က ပုလောမြို့နယ်က ပြည်သူတွေအနေနဲ့ စစ်ကောင်စီဘက်တော်သားတွေနဲ့ ဝေးရာမှာနေကြဖို့လည်း တောင်းဆိုထားပါတယ်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာရှိ သိမ်ကုန်းရေတံခွန်လမ်းဝမှာ ဒီဇင်ဘာ ၂၈ ရက် ညနေ ၅ နာရီက ခြေလျင်ချီတက်လာတဲ့ စစ်ကောင်စီ အင်အား ၅၀ လောက်ကို မိုင်း ၂ လုံးခွဲ တိုက်ခိုက်ခဲ့သလို လက်နက်ငယ်တွေနဲ့ပါ ၁၀ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က ၆ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရရှိကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာဟာ သရက်ချောင်းမြို့နယ်က ဒေသကာကွယ်ရေး အဖွဲ့တွေဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC- PDF)၊ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့နဲ့ အဖြူရောင်ရိန်းဂျားတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အကြား မကြာခဏ ထိတွေ့မှုတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကတော့ အထိအခိုက် အကျအဆုံး များပြားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024