
နာမည်ကျော် တေးသီချင်းတွေများစွာကို ရေးသားခဲ့တဲ့ တေးရေးရယ်ဂျီ ( နာမည်ရင်း စန်းလွင်ဦး-၄၈ နှစ်) ဟာ ဒီဇင်ဘာ ၃၀ မနက်ပိုင်းမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ဂီတလောက အသိုင်းအဝိုင်းထံက သိရပါတယ်။
တေးရေး တေးဆို စံပီးက "မနက်က အဆိုတော်မျိုးကြီးဆီက စာလေး ဝင်လာတာတယ်။ အနေအေးပြီး ပျော်တတ်တဲ့ ကိုရယ်ဂျီ၊ တစ်ပုဒ်ဆိုတစ်ပုဒ် လက်ရာကောင်းပြီး ခံစားမှုအားကောင်တဲ့တေးရေးဆရာ၊ သူလိုလူ ရှားပါးတဲ့ မြန်မာနိုင်ငံအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ ဘုရားသခင့်ရင်ခွင်မှာ ငြိမ်းချမ်းစွာအနားယူပါတော့ ကိုရယ်ဂျီရေ" လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
တေးရေး ကိုရယ်ဂျီဟာ အသက် ၁၇ နှစ် ကတည်းက တေးသီချင်းတွေ စတင်ရေးစပ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ အဆိုတော် ဇော်ပိုင်အတွက် တေးသီချင်းတွေရေးစပ်ပေးရင်း ဂီတလောကထဲကို ရောက်ရှိလာခဲ့ကာ ၂၀၁၅ Melody World Myanmar မှာလည်း အကဲဖြတ်ဒိုင်အဖြစ် လုပ်ဆောင်ခဲ့ပါတယ်။
တေးရေး ရယ်ဂျီက အဆိုတော် မျိုးကြီး၊ လေးဖြူ၊ ဝိုင်းဝိုင်း ၊ ဇော်ပိုင်၊ ဆုန်သင်းပါရ်၊ သျှီ စတဲ့ နာမည်ကြီး အဆိုတော်များစွာရဲ့ နာမည်ကျော် တေးသီချင်းများစွာကို ရေးစပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
မျိုးကြီးရဲ့ "မလာပါနဲ့"၊ "လက်ခံပေးပါ" "ဓာတ်ပြားဟောင်း" "3AM" ၊ လေးဖြူရဲ့ "ငါ့ရဲ့လမင်း" စတဲ့ သီချင်းကောင်းတွေဟာ လူငယ်ပရိသတ်တွေအခုထိတိုင် နှစ်ခြိုက်သီဆိုနေရတဲ့ တေးသီချင်းတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါင်းနဲ့ ပိုင်ဖြိုးသုတို့ သရုပ်ဆောင်ထားတဲ့ "အချစ်ဖြင့်လွမ်းစေ"ရုပ်ရှင်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်းကိုလည်း တေးရေး ရယ်ဂျီက ရေးစပ်ခဲ့ပါတယ်။