
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက စစ်ရှောင်ပြည်သူတွေ ရိက္ခာ၊ ဆေးဝါးနဲ့ တခြားအကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိ စစ်ရှောင်အရေအတွက်ကတော့ ၁၅၀ လောက်ရှိနေပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာတရွာကနေ ပြီးခဲ့တဲ့ နှစ်လလောက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ရမ်းကားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူတွေဖြစ်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ လူမှုကူညီရေးဆပ်ကော်မတီ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အရင်က ၂၀၀ လောက်ရှိတာ၊ အခြေအနေ နည်းနည်းအေးလို့ အိမ်ပြန်သွားကြတာလည်းရှိတယ်။ အခုကာလက တော်တော်အေးတော့ စောင်တွေ၊ အနွေးထည်တွေ တော်တော်လိုအပ်နေကြတယ်။”
လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲကြီးတွေ ဖြစ်ပွားလေ့မရှိပေမဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ကျေးရွာတွေထဲ ဝင်ရောက်ပြီး လုယက်သတ်ဖြတ်တာတွေ လုပ်လေ့ရှိတာကြောင့် ရွာခံတွေ ကြောက်ရွံ့ပြီး အခုလို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။
ပြီးခဲ့တဲ့ မေလလောက်ကလည်း လောင်းလုံးမြို့နယ် ပန္ဒလဲကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်ရမ်းကားမှုတွေကြောင့် ရွာခံတွေက ကြောက်ရွံ့ပြီး နီးစပ်ရာ ရွာတွေမှာ ၆ လလောက် ရှောင်တိမ်းနေခဲ့ကြရပါတယ်။