
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ ဗိုလ်ရွှေဗျိုင်းလမ်းမှာ ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက ဆရာဝန်တဦး နေအိမ်အတွင်း ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အမှတ် ၁၁ ရပ်ကွက် ဗိုလ်ရွှေဗျိုင်းလမ်းရှိတဲ့ ရွှေသွားဆေးခန်းက ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာအောင်မျိုးဟိန်းဟာ နေအိမ်အတွင်း မိမိကိုယ်ကို ဆွဲကြိုးချပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ည ၈ နာရီကသေတာ၊ ရဲတွေရောက်လာပြီး လူနာတင်ယာဥ်နဲ့ လာသယ်သွားတာ၊ ဘယ်လိုဖြစ်ပြီး အခုလိုလုပ်သွားလဲမသိဘူး။”
သေဆုံးသူ ဒေါက်တာအောင်မျိုးဟိန်းရဲ့ ရုပ်အလောင်းကို ပရဟိတအဖွဲ့တွေက လူနာတင်ယာဥ်နဲ့သယ်ဆောင်ပြီး မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အထွေထွေကျပ်တည်းမှုတွေကြောင့် ရဲမှူးကြီး၊ ခရိုင်ဦးစီးအရာရှိ၊ ဆရာဝန်နဲ့ အခြေခံလူတန်းစားတွေ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာ ၅၀ နီးပါးရှိတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။