မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ပိုဝကျေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးအား စစ်ကောင်စီတပ်သားတွေက မီးရှို့သတ်ထားတဲ့ အလောင်းကို ဒီဇင်ဘာ ၂၉ ရက် မနက် တွေ့ခဲ့ရတယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစု တာဝန်ရှိသူက ပြောပါတယ်။
ဒီဇင်ဘာ ၂၆ ရက်က ပိုဝကျေးရွာမှာ စစ်တပ်က တပ်စွဲထားပြီး ရွာသား ၃၀ ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာကြောင့် သွားရောက်ကယ်ထုတ်ချိန်မှာ ရဲဘော်နှစ်ဦး ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။
“ကျနော်တို့ ဒီမနက်မှ အလောင်းကို ပြန်တွေ့တာပါ။ ရွာလယ်ခေါင်မှာပဲ မီးရှို့ထားတာ။ ပြန်လွတ်လာတဲ့ ရွာသားတွေ ပြောပြတာတော့ အရှင်လတ်လတ် မီးရှို့သွားတာပါ။”
မီးရှို့သတ်ခံရသူတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ရဲဘော်နိုင်းနဲ့ ရဲဘော်ပြည့်တို့ ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းက ဒီဇင်ဘာ ၂၉ ရက် မနက်မှာ ပိုဝကျေးရွာကနေ ပြန်လည်ထွက်ခွာသွားပြီး ဓားစာခံ ဖမ်းထားသူတွေကိုလည်း လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ပိုဝကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းကလည်း စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ထားတဲ့ အသက် ၂၀ အရွယ် ပြည်သူတဦးအလောင်းကို တွေ့ခဲ့ရပါတယ်။