
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ နားဂျပ်ပင်ကျေးရွာ၊ ဂူတောင်တောရကျောင်းအနီးမှာ ဒီဇင်ဘာ ၂၇ ရက် မနက် ၁၁ နာရီလောက်က စစ်ကောင်စီစစ်ကြောင်းနဲ့ တောင်ငူခရိုင် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ ၁ ဦး အပါအဝင် ၆ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပဲခူး PDF က သတင်းထုတ်ပြန်ထားပါတယ်။
နားဂျပ်ရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၂ ယောက်ပါ စစ်ကြောင်းဟာ ခရိုင်ချင်းဆက်လမ်းအတိုင်း ဂူတောင်တောရကျောင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာရာ ရေတာရှည်မြို့နယ်အခြေစိုက် တောင်ငူခရိုင် PDF တပ်ရင်း-၃၅၀၁၊ တပ်ခွဲ-၄ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဒေသခံပြည်သူတဦးက “တိုက်ပွဲဖြစ်သံတော့ကြားတယ်။ ကြာတော့ကြာတယ်။ စစ်တပ်က သေတာရှင်တာတော့ ရှိတယ်ကြားတယ်။ သွားမကြည့်ရဲလို့ သေချာတော့မသိဘူး။ ဒီဘက်မှာက စစ်တပ်ဝင်လာရင် ဘယ်မှာတိုက်ပွဲဖြစ်မလဲလို့ စိုးရိမ်နေရတယ်။ ကြောက်နေရတယ်။ တွေ့ရာလူကို မတရားစွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်မှာ ကြောက်ရတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲဟာ ၄၅ မိနစ်နီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူနဲ့ ဒဏ်ရာပြင်းထန်သူတွေ ရှိခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းကလည်း တောင်ငူမြို့နယ်၊ ဆိတ်မြောင်ကျေးရွာ အနောက်ဘက်မှာ စစ်ကောင်စီတပ်နဲ့ တောင်ငူခရိုင် PDF တပ်ရင်း-၃၅၀၁၊ တပ်ခွဲ-၁ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရသူတွေရှိကာ တော်လှန်ရေးတပ်ဖွဲ့ဘက်ကတော့ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။
အဆိုပါတိုက်ပွဲတွေအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က အဲဒီနေ့ ညနေပိုင်းလောက်မှာ အင်အားပြန်လည်ဖြည့်တင်းပြီး ဆိတ်မြောင်ကျေးရွာအတွင်း ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ် ၁၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသလို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂၅၆ ဦး ရှိတယ်လို့ ပဲခူး PDF က ထုတ်ပြန်ထားပါတယ်။
ရေတာရှည်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။