Home
မြန်မာသတင်း
ရေဖြူ-ထားဝယ်ကားလမ်းတွင် စစ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ ရေဖြူ ဇီးကျရွာသူတဦး သေဆုံး
DVB
·
December 29, 2022

တနင်္သာရီတိုင်း ရေဖြူ-ထားဝယ်လမ်း ဇီးကျရွာနဲ့ ညင်းထွေးရွာကြားမှာ ဒီဇင်ဘာ ၂၈ ရက် မနက်အစောပိုင်းက စစ်ကောင်စီယာဉ် ၁၀ စီးပါ ယာဉ်တန်းတခု တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်ခံရတဲ့နေရာမှာ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာ၊ တိုးဂိတ်အနီး နေထိုင်သူ အသက် ၂၀ ဝန်းကျင် မပန်းအိဖြူ ဆိုင်ကယ်တစီးနဲ့အတူ ဦးခေါင်းကြေမွဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မပန်းအိဖြူက အဖေ အမေတွေ မရှိတော့ဘူး၊ အဒေါ်နဲ့နေတာပါ။ ညီအစ်ကို မောင်နှမ လေးယောက်မှာ သူက အငယ်ဆုံး၊ အိမ်နီးနားချင်းကလေးတွေကို စာပြပေးတာမျိုးလည်း ရှိတယ်၊ သဘောကောင်းတဲ့သူပါ။ အခုလိုဖြစ်သွားတော့ စိတ်မကောင်းဖြစ်ရတယ်။ သူတို့အိမ်က လောင်းလုံဘက်က ငါးပိတွေသယ်ပြီး ပြန်ရောင်းတာ လုပ်နေတာ၊ အခုလည်း ငါးပိသွားပို့ရင်း ဖြစ်သွားတာ” လို့ ဇီးကျရွာသားတဦးက ပြောပါတယ်။

မပန်းအိဖြူဟာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ရုန်းရင်းဆန်ခတ် ဖြစ်စဉ်အတွင်း ရောက်သွားပြီး ကားနဲ့အတိုက်ခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

မပန်းအိဖြူရဲ့စျာပနကိုတော့ သူ့ဇာတိရွာမှာ ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ပြီးခဲ့တယ်လို့ သိရပါတယ်။

အခုမနက်ပိုင်း ရေဖြူဘက်ကလာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ နေရာသုံးခုလောက် အတိုက်ခံရပြီး ထိခိုက်သေဆုံးမှုအခြေအနေနဲ့ ဘယ်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အခုလအတွင်း ရေဖြူဇီးကျရွာမှာ စစ်ကောင်ယာဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီ ယာယီအထိုင်စခန်းတခုလည်း လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရပါတယ်။

စစ်ရေးအရှိန်မြင့်နေတာကြောင့် ပြည်သူတွေအနေနဲ့ တပ်ဘက်၊ ရဲဘက်နဲ့ စစ်ဘက်ဆိုင်ရာ ယာဉ်တန်းနဲ့ အဆောက်အဦတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသွားလာကြဖို့ ထားဝယ် ပကဖ အဖွဲ့တခုဖြစ်တဲ့ DGRF က ဒီဇင်ဘာ ၂၆ ရက် တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ သတိပေး ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024