
စစ်ကိုင်းတိုင်းထဲက မြင်းဆည်ရွာနဲ့ အနီးအနားကရွာတွေကို ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ကစပြီး စစ်ကောင်စီ တပ်မ ၃၃ က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာအတွင်းရှိ အိမ်ခြေ ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သလို သက်ကြီးရွယ်အို ၃ ယောက်လည်း မီးလောင်တဲ့အထဲ ပါသွားပြီး အသက်ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတွေ၊ စစ်ဘေးရှောင်တွေကို လိုက်လံကူညီပေးနေသူတဦးက “ဒီဇင်ဘာ ၂၈ ရက် နေ့လယ်ခင်းတည်းကနေ မြင်းဆည်ကို မီးဝင်ရှို့တာပေါ့။ အိမ်ခြေ ၁၀၀ လည်း မီးလောင်တဲ့ထဲ ပါသွားတယ်ဗျ။ သူတို့ မီးရှို့နေတဲ့အချိန် မပြေးနိုင်တဲ့ သက်ကြီးရွယ်အို ၃ ဦးလည်း ကျန်ခဲ့တယ်လို့ ပြောတယ်၊ မီးထဲပါသွားတယ်ကြားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ တပ်မ ၃၃ က မြင်းဆည်ရွာအား စစ်ကြောင်းထိုးမီးရှို့ပြီး အခြေစိုက်တဲ့ ရဲစခန်းကို အပြန် လမ်းမှာရှိတဲ့ မြစ်ဘေးတလျှောက်က ရွာတွေဖြစ်တဲ့ သုံးလင့်၊ ကိုင်းပြင်၊ ကင်းတော်၊ လက်ပံတော၊ မြင်းဆည်၊ ဉယျာဉ်နဲ့ မြစ်သာ စတဲ့ ရွာတန်းတွေကို မီးရှို့သွားတယ်လို့လည်း လိုက်လံကူညီပေးနေသူက ပြောပါတယ်။
“မနေ့က နေ့လယ် ၁၁ နာရီကျော်လောက်မှာ မြင်းဆည်ရွာကို မီးရှို့ပြီး သူတို့အခြေစိုက်တဲ့ ရွာသစ်ကြီးရဲစခန်းကို ပြန်ဆုတ်တာ၊ အဲဒါ ရွာသစ်ကြီးရဲစခန်းအနားက ရွာတွေ၊ ဒီဘက်ကနေဆို အဆုံးရွာတွေပေါ့။ အဲဒီရွာတွေက အိမ်တွေကိုပါ ဝင်ရှို့ပြီးမှ ရဲစခန်းထဲ ဝင်သွားကြတယ်။ ရွာမကျေးရွာအုပ်စုထဲက သုံးလင့်ရွာကိုဆို ညနေ ၅ နာရီလောက်မှာ စရှို့တာ၊ ညဘက်ထိ မီးလောင်နေဆဲပဲ။”
အဆိုပါ ရွာသစ်ကြီးရဲစခန်းကို တပ်မ ၃၃ က စစ်ကားနှစ်စီးနဲ့ လက်နက်အပြည့်အစုံ ယူနီဖောင်းဝတ်၊ အရပ်ဝတ်တွေနဲ့ ဒီဇင်ဘာ ၂၇ ရက်က စတင်ရောက်ရှိလာခဲ့တာပါ။ အဲဒီနေ့မှာပဲ အနားကရွာတွေကို အင်အား ၄၀ ကျော်နဲ့ မီးရှို့ပြီး လုယက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို စစ်ကြောင်းထိုး မီးရှို့တာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေချိန်မှာပဲ မြစ်သာရွာအနီးကို စစ်ကောင်စီဘက်က ဒရုန်းနဲ့ အီနာဂါဗုံး ကြဲချခဲ့တဲ့အတွက် အသက် ၅ နှစ်အရွယ် ကလေးတဦး၊ အမျိုးသမီးတဦးနဲ့ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၁ ရက်ကလည်း စစ်ကိုင်းမြို့နယ် ဆားတောင်နယ်ဘက်က ကျေးရွာတွေကို ၃ ရက်ဆက်တိုက် စစ်တပ်နဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အသက် ၈၀ ကျော် အဘွားတဦး မီးလောင်တဲ့အထဲ ပါသွားခဲ့ပြီး ဒေသခံလေးဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။