DVB Logo
Home
မြန်မာသတင်း
ထိုင်းနှင့်မလေးရှားကို ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းမှ ထောပတ်သီး စတင် တင်ပို့
DVB
·
December 28, 2022
ထိုင်းနှင့်မလေးရှားကို ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းမှ ထောပတ်သီး စတင် တင်ပို့
Donate to DVB

ထိုင်းနဲ့ မလေးရှားနိုင်ငံကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းကနေ ထောပတ်သီး စတင် တင်ပို့နေပြီလို့ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့တဲ့ လုပ်ငန်းအသိုက်အဝန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်းက ပြင်သစ်နဲ့ ထိုင်းနိုင်ငံတို့မှာ ပြုလုပ်တဲ့ အသီးအနှံပြပွဲတွေမှာ မြန်မာ့ထောပတ်သီးကို သွားရောက်ပြသခဲ့ရာကနေ ပြည်ပဝယ်လက်တွေရဲ့ ကမ်းလှမ်းချက်ကို ရရှိခဲ့ပြီး အဲဒီအထဲကမှ အိမ်နီးချင်း ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကို စတင်တင်ပို့လာနိုင်တာလို့ ဆိုပါတယ်။

ထောပတ်စိုက်ပျိုးတောင်သူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ Shan Avocado Company က တင်ပို့ရောင်းချသွားမှာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ ဘင်္ဂလားဒေ့ရှ်၊ ဒူဘိုင်းနဲ့ ပြင်သစ်နိုင်ငံ တို့ကိုလည်း လက်ရှိ ထောပတ်သီးရာသီအမီ တင်ပို့ဖို့ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ထောပတ်သီး တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမင်းက “နှစ်လလောက် အပြင်းအထန် ကြိုးစားခဲ့ပြီးနောက်မှာ မြန်မာ့ထောပတ်သီးကို မလေးရှားသို့ တရားဝင် တင်ပို့နိုင်ခဲ့ပါတယ်။ ကိုဗစ်အလွန်မှာ ကမ္ဘာ့ထောပတ်သီးစျေးကွက်က အကျဘက်ကို ဦးတည်ခဲ့သလို ကျနော်တို့နိုင်ငံရဲ့ ပို့ကုန်/သွင်းကုန် စည်းမျဥ်း၊ စည်းကမ်း ဥပဒေတွေ အခက်အခဲတွေရဲ့အောက်မှာ တရားဝင်တင်ပို့နိုင်ဖို့ အဘက်ဘက်က ကြိုးစားအားစိုက်ခဲ့ပြီးမှ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပြင်သစ်နဲ့ ထိုင်းနိုင်ငံတို့က ပြပွဲတွေမှာ နိုင်ငံ ၁၆ နိုင်ငံက ကုမ္ပဏီပေါင်း ၁၀၀ ကျော်နဲ့ ချိတ်ဆက်နိုင်ခဲ့ပြီး EU နိုင်ငံတွေ၊ ဒူဘိုင်းနဲ့ အာရှနိုင်ငံတွေက ကုမ္ပဏီ ၄၀ ကျော်နဲ့ အပြန်အလှန် ဆွေးနွေးခဲ့ပြီး ထောပတ်သီးနမူနာတွေ တင်ပို့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို ကနဦးတင်ပို့ဖို့ ရွေးချယ်ခဲ့တာနဲ့ ပက်သက်ပြီး ဦးကျော်စိုးမင်းက “နည်းပညာအရ pre_cooling အတွက် အခြေခံအဆောက်အအုံ အားနည်းတာ၊ ကုန်သွယ်ရေး စည်းမျဥ်းစည်းကမ်း အခက်အခဲတချို့ကို မကျော်လွှားနိုင်တာ၊ ထောပတ်ရာသီကုန်ချိန် ရောက်ရှိလာတာ စတဲ့အချက်တွေကို ခြုံငုံသုံးသပ်ပြီး အိမ်နီးချင်း မလေးရှားနဲ့ ထိုင်းနိုင်ငံသို့ ဦးစွာတင်ပို့ဖို့ ရွေးချယ်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံက တောင်သူတွေ စုပေါင်းရောင်းချမူကို အားပေးပြီး Global GAP ရှိတာကြောင့် စျေးပိုပေးတဲ့အတွက် ဒီနှစ် ထောပတ်သီးရာသီကုန်တဲ့အထိ ဆက်လက် တင်ပို့သွားမယ်လို့လည်း ဆိုပါတယ်။

ဒါဟာ အခုဘဏ္ဍာနှစ်အတွင်း ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းကနေ ထောပတ်သီး export ဈေးကွက်ကို စတင်လာနိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အစောပိုင်းကာလတွေမှာတော့ အခက်အခဲနဲ့ စိန်ခေါ်မှုအမျိုးမျိုးကြောင့် ရေလမ်းကနေ ပြည်ပကို ထောပတ်သီးတင်ပို့နိုင်မှု အလျဉ်းမရှိခဲ့ပါဘူး။

အခုတင်ပို့ရောင်းချမှုမှာလည်း စျေးကောင်းရတာကြောင့် မဟုတ်ဘဲ စျေးကွက်ထိုးဖောက်ဖို့ လိုအပ်တာကြောင့် စွန့်စားတင်ပို့ခဲ့တာလို့ ဆိုပါတယ်။

export ဈေးကွက်နဲ့ပတ်သက်ပြီး ထောပတ်သီး ပို့ကုန်လုပ်ငန်းရှင်တဦးက “အခက်အခဲတွေ အများကြီးပဲ၊ ဈေးကောင်းလည်းမရဘူး။ ငွေလဲနှုန်းအဟလည်း ပြင်းတယ်။ ၃၅-၆၅ ရာခိုင်နှုန်းကြောင့် ကွန်တိန်နာတလုံး သိန်း ၃၀၀ နီးပါးနာတာမို့ အများကြီးလည်း မပို့နိုင်ကြဘူး။ လာမယ့်နှစ်အတွက် ပြင်ဆင်တဲ့အနေနဲ့ရယ် ဖောက်ကို ဖောက်ရမယ့် စျေးကွက်အတွက်ရယ် စွန့်ဦးရုန်းကန်ကြတာပဲ” လို့ ပြောပါတယ်။

မြန်မာ့ထောပတ်သီးကို ပင်လယ်ရေကြောင်းကနေ တင်ပို့ရောင်းချရာမှာ ရေကြောင်းခရီး ကြာမြင့်ချိန်၊ ကြီးမြင့်နေတဲ့ သယ်ယူပို့ဆောင်ခနှုန်းထား၊ နိုင်ငံတကာပေါက်ဈေးနဲ့ ယှဉ်ပြိုင် ရောင်းချနိုင်ခြင်းရှိမရှိ၊ ကုန်စိမ်းဖြစ်တဲ့အတွက် ဆုံးရှုံးနိုင်ခြေ စတဲ့စိန်ခေါ်မှုတွေ ရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဒါ့အပြင် ပို့ကုန်ရငွေတွေအပေါ် ချမှတ်ထားတဲ့ ငွေကြေးမူဝါဒတွေကလည်း ထောပတ်သီး export ကဏ္ဍအတွက် စိန်ခေါ်မူတရပ်အဖြစ် ရှိနေပါတယ်။

ထောပတ်သီးလုပ်ငန်းရှင်တဦးက “ဘဏ်တွေရဲ့ စနစ်က ကောင်းကောင်းပြန်မလည်သေးဘူး။ နောက်တခုက သင်္ဘောနဲ့ပို့ရင် ကုန်ကျစရိတ်ပြဿနာရှိတယ်။ အဲဒါနဲ့ တွက်ခြေကိုက်ပါ့မလား ဆိုတာရှိတယ်။ နောက်ပြီးတော့ ပို့ကုန်ရငွေကို နောက်ဆုံးလုပ်ထားတာ ၆၅/ ၃၅ ပေါ့နော်။ ၆၅ ရာခိုင်နှုန်း ဗဟိုဘဏ်နှုန်းနဲ့ လဲရမယ်ဆိုတော့ ဒီ ၂၁၀၀ နဲ့တွက်လို့ရှိရင် ဝယ်ရတဲ့ဈေးနဲ့ တွက်ခြေကိုက်ပါ့မလားဆိုပြီး ထောပတ်သီးပို့တဲ့သူတွေက ချင့်ချိန်နေကြတာ” လို့ ပြောပါတယ်။

မြန်မာ့ထောပတ်သီးစျေးကွက်က ပြည်တွင်းဝယ်ယူစားသုံးမှု အားကောင်းနေသလို လက်ရှိမှာ ပြည်ပစျေးကွက်အတွက်လည်း အလားအလာကောင်းတွေ ရှိနေပါတယ်။ ဒါပေမဲ့ လတ်တလော မြန်မာပြည်တွင်း အခြေအနေတွေကြောင့် ပြည်ပဈေးကွက် တင်ပို့နိုင်ဖို့ ခက်ခဲနေတာပါ။

ပြီးခဲ့တဲ့နှစ်ကလည်း အအေးခန်း ကွန်တိန်နာ အချိန်မီမရတာ၊ ကွန်တိန်နာ ငှားရမ်းခဈေးနှုန်း ကြီးမြင့်နေတာနဲ့ ဘဏ်အကျပ်အတည်းပြဿနာ၊ နိုင်ငံခြားငွေကိုင်ဆောင်ခွင့် စတဲ့ စိန်ခေါ်မှုတွေကြောင့် UK အပါအဝင် ပြည်ပစျေးကွက် အခွင့်အလမ်းတွေကို ဆိုင်းငံ့လိုက်ရတာ၊ လက်လွှတ်လိုက်ရတာတွေ ရှိခဲ့ပါတယ်။

မြန်မာ့ထောပတ်သီးတွေကို အိမ်နီးချင်း တရုတ်နဲ့ ထိုင်းစျေးကွက်ကို  နယ်စပ်လမ်းကြောင်းကနေ တင်ပို့ရောင်းချနေပေမဲ့ တရားဝင်ကုန်သွယ်မှုဖြစ်ဖို့အတွက် နှစ်နိုင်ငံအစိုးရချင်း G to G သဘောတူညီချက်ရရှိဖို့ လိုအပ်နေပါသေးတယ်။

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) ရဲ့ ဒုဥက္ကဋ္ဌ ဦးကျော်သူက “တရုတ်နဲ့ဆိုရင် ကုန်သွယ်မှုရထားတဲ့ သီးနှံ ၉ မျိုးပဲရှိတယ်။ အဲထဲမှာ ထောပတ်သီးမပါဘူး။ GACC ဆိုတဲ့ List မှာ မပါလာဘူးဆိုရင် တရုတ်နဲ့ ကုန်သွယ်လို့မရဘူး။ ခိုးပြီးရောင်းတာပဲ လုပ်လို့ရမယ်။ ထိုင်းနဲ့လည်း အတူတူပဲ။  G to G သဘောတူညီထားတဲ့ အထဲမှာ ထောပတ်သီးမပါသေးဘူး။ အဲဒါပါမှပဲ တရားဝင်ကုန်သွယ်‌လို့ရမယ်။ အဲလိုမဟုတ်ဘူး ဆိုရင်တော့ အရပ်စကားပြောရရင် အောက်လမ်းက ခိုးပို့တဲ့ အနေအထားပဲ ဖြစ်နေမှာ” လို့ ပြောပါတယ်။

အခုနှစ်မှာ ထောပတ်သီးထွက်ရှိမှုနှုန်း အရင်နှစ်ထက် ပိုများခဲ့တာကြောင့် export ‌စျေးကွက်ကောင်းဖို့ တောင်သူနဲ့ ကုန်သည်တွေက မျှော်လင့်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ အများဆုံး စိုက်ပျိုးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013