မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှစ်ခုကြား ဧရာဝတီမြစ်ကမ်းဘေးက ခရမ်းစပ်ကုန်းနဲ့ ဇင်းချောင်းကျေးရွာတွေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်၊ ပျူစောထီး အင်အား ၁၆၀ ကျော်နဲ့ ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၈ ရက် ဒီနေ့အထိ ၆ ရက်ကြာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
သပိတ်ကျင်းမြို့နယ် ခရမ်းစပ်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့၊ ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ ရင်း-၃၊ ရင်း-၄၊ ရပ်ကျေး (ပကဖ) တွေ ပူးပေါင်းပြီး လက်နက်ကြီး ၆၀ မမ အလုံး ၃၀ ကျော်၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပ.က.ဖ တွေဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခရမ်းစပ်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ ကြာညှပ်ရွာ မီးသင်္ဂြိုဟ်စက်မှာ မီးသင်္ဂြိုဟ်ခဲ့ပြီး ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကားနဲ့ သယ်ယူသွားတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၂၇ ရက်ကလည်း ဇင်းချောင်းကျေးရွာရှိ နေအိမ်တလုံးကို မီးရှိ့ဖျက်ဆီးကာ ရွာထဲရှိ တန်ဖိုးရှိပစ္စည်းတွေ၊ နွားတွေကို သံခွန်မော်တော်နဲ့ ကြာညှပ်ရွာ ဆိပ်ကမ်းကို သယ်ယူသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မနက် ၁၁ ခွဲလောက်မှာလည်း အင်အား ၂၀ လောက်ပါ စစ်သင်္ဘောတစီးက ကမ်းပေါ်ကို လက်နက်ကြီးနဲ့ အချက် ၂၀ ကျော် ပစ်ခတ်ခဲ့ပြီးတဲ့နောက် ဇင်းချောင်းရွာမှာပဲ အထိုင်ချ ထပ်စွဲထားတယ်လို့ သိရပါတယ်။
စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့နေရာကို ဒီဇင်ဘာ ၂၇ ရက် ည ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ကားကြီး ၄ စီးနဲ့ သယ်ယူကာ ၇ မိုင်ရွာအနီးရှိ ကြာအင်း ကုတင် ၁၀၀ စစ်ဆေးရုံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
၆ ရက်ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “ရှေ့ဆက်ပြီးတော့ စစ်ရေးတင်းမာဖို့လည်း ရှိတယ်။ အဲ့ဒီအတွက် နှုတ်ခမ်းနီဖိုးတွေ အရေးပေါ်လိုအပ်နေပါပြီ။ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ တိုက်ရိုက်ချိတ်ဆက်ပြီး လှူဒါန်းနိုင်ပါတယ်” လို့ ပြောပါတယ်။
၆ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။